ဒေါ်အောင်ဆန်းစုကြည်ကို Wallenberg ဆု ချီးမြှင့်
2011.10.25

Photo: RFA
ကြိုတင် ရိုက်ကူးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောချက်ကို ဒီကနေ့မနက် ၇ နာရီခွဲမှာ မီချီဂန်တက္ကသိုလ်က ကျောင်းသူ ကျောင်းသားတွေ နဲ့ဆရာ ဆရာမတွေကို ဖွင့်ပြမှာ ဖြစ်ပါတယ်။ အဲဒီနောက် ရန်ကုန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ Michigan တက္ကသိုလ်က ကျောင်းသူကျောင်းသားတွေ
တိုက်ရိုက် အပြန်အလှန် မေးကြ ဖြေကြ ဆွေးနွေး ပြောဆိုကြမှာ ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ် Wallenberg ဆုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုရတဲ့ အကြောင်းကိုတော့ မီချီဂန်တက္ကသိုလ်က နိုင်ငံတကာ ပညာရေးဌာန ပါမောက္ခ ဒေါက်တာ John Godfrey က "ဒေါ်စုဟာ Wallenberg ဆု ရည်ရွယ်ချက်ကို ကိုယ်စားပြုသူ ဖြစ်တဲ့ အတွက် ရွေးချယ်ခဲ့တာပါ။
Wallenberg ဆုဟာ လွတ်လပ်မှု နဲ့လူ့အခွင့်အရေးတွေ အတွက် ကိုယ်ကျိုးစွန့်ပြီး ဖိနှိပ်မှုတွေကို တွန်းလှန်နေသူကို ချီးမြှင့်တဲ့ဆု ဖြစ်ပါတယ်။ အရင်ဆု ရရှိသူတွေထဲမှာ တောင်အာဖရိက နိုင်ငံက ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တွေ ဖြစ်ကြတဲ့ ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူး၊ ဘုန်းတော်ကြီး
ဒလိုင်းလားမား အပါအဝင် တခြားကမ္ဘာက ထင်ရှားတဲ့ ပုဂ္ဂိုလ် ၂၀ ကို ချီးမြှင့်ပေးခဲ့ပါတယ်။" လို့ ပြောဆိုခဲ့ပါတယ်။
Wallenberg ဆုဟာ မီချီဂန်တက္ကသိုလ်မှာ ဗိသုကာ ပညာဘွဲ့ယူခဲ့သူ ဆွီဒင်နိုင်ငံသား Raoul Wallenberg ကို ဂုဏ်ပြုတဲ့ အနေနဲ့တည်ထောင်ထားတဲ့ ဆု ဖြစ်ပါတယ်။ Raoul Wallenberg ဟာ ဒုတိယ ကမ္ဘာစစ် အတွင်းက ဆွီဒင်နိုင်ငံ သံမှူးအဖြစ် ဆွီဒင်အစိုးရရဲ့ တာဝန်ပေးချက်နဲ့နာဇီ ဂျာမဏီ
လက်ထဲက ဂျူးလူမျိုး သောင်းဂဏန်းကို ကယ်တင်ခဲ့သူ ဖြစ်ပါတယ်။