ထိုင်းနိုင်ငံ ခရီးစဉ် အပေါ် ဒေါ်အောင်ဆန်းစုကြည် ကျေနပ်မှုရှိ
2012.06.03

ထိုင်းနိုင်ငံမှာ (၆) ရက်ကြာ နေထိုင်စဉ် ကာလအတွင်း ထိုင်းအာဏာပိုင်တွေရဲ့အစီအစဉ်နဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ၊ နယ်စပ် ဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံ နိုင်ခဲ့ပါတယ်။
ထိုင်းခရီးစဉ် တခုလုံးပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က စိတ်ကျေနပ်မှု ရခဲ့တယ်လို့ သူနဲ့အတူ ထိုင်းနိုင်ငံကိုလိုက်ပါသွားတဲ့ NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက RFA ကို ပြောပါတယ်။
"ကျွန်မတို့ ရာသီဥတုမကောင်းလို့ နဲနဲ နောက်ကျပါတယ်။ ၁၀ နာရီလောက် ပြန်ရောက်ပါတယ်။ ခရီးစဉ်အပေါ်မှာ ကျွန်မတို့ အားရကျေနပ်မှု ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အထူးပဲ ကျေနပ်ပါတယ်။ ဒီထိုင်းအစိုးရ စီစဉ်ပေးတဲ့ ခရီးစဉ်အတိုင်းပဲ ဒီ မယ်လ၊ မဲဆောက်ကို သွားတာပါ။ သူတို့ စီစဉ်ပေးတဲ့အတိုင်းပဲ ဒုက္ခသည်စခန်းကို ဝင်ခဲ့ရတယ်။ သူတို့စီစဉ်ပေးတဲ့သူတွေနဲ့ပဲ တွေ့ခဲ့ရတယ်။ ဒါပေမယ့် ဒီအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အားရ ကျေနပ်မှုရှိပါတယ်။"
ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ပထမဦးဆုံး နိုင်ငံခြားခရီးစဉ်ဟာ နော်ဝေနိုင်ငံ ဖြစ်ရမယ်လို့ ပြောကြားခဲ့ဖူးပေမယ့် အခုတော့ ထိုင်းနိုင်ငံ ခရီးစဉ် ပေါ်ပေါက်ခဲ့ရပါတယ်။ ဒီလအတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပကို ခရီးဆက်ဖို့ရှိပြီး နော်ဝေ၊ ဗြိတိန်နဲ့ အိုင်ယာလန်နိုင်ငံတွေကို သွားရောက်မှာ ဖြစ်ပါတယ်။