နေပြည်တော် ဒေသခံတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် အလုပ်အကိုင် ဖန်တီးရေး ဆွေးနွေး
2012.08.18

ဒေသခံတွေ အနေနဲ့ အချင်းချင်း တိုင်ပင်ပြီးမှ ဘယ်လို အလုပ်အကိုင်မျိုး လိုအပ်နေတယ် ဆိုတာ တင်ပြဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
"တယောက်က ဒီလိုဟာလေး လုပ်ရင် ကောင်းမယ်။ တယောက်က ဟိုလိုဟာလေး လုပ်ရင်ကောင်းမယ် ဆိုပြီး တယောက်တမျိုးစီ ဖြစ်နေတဲ့အခါကျတော့ ကျွန်မတို့က ဘယ်ဟာကို ဦးတည်ပြီးတော့ ဘယ်လို အလုပ်အကိုင်မျိုး ဖန်တီးဖို့ ဦးတည်ရမလဲ ဆိုတာ နဲနဲ ဆုံးဖြတ်ဖို့ ခက်ပါတယ်။"
ဒေါ်အောင်ဆန်းစုကြည် နဲ့ နေပြည်တော် ဒေသခံ ပြည်သူတွေရဲ့ ဒီကနေ့ တွေ့ဆုံမှုဟာ တတိယ အကြိမ် ဖြစ်ပါတယ်။ ဒေသခံတွေက အလုပ်အကိုင် ရှားပါးမှု၊ သောက်သုံး မရရှိမှု၊ ဥပဒေနဲ့ မညီညွတ်ဘဲ တရားစွဲဆို ခံနေရမှုတွေကို တင်ပြခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း အစိုးရကိုချည်း အားမကိုးဖို့ ပြည်သူတွေကလည်း ကိုယ့်တာဝန် ကိုယ်ယူဖို့၊ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံရဲ့ ဒီမိုကရေစီ အလေ့အကျင့်နဲ့ ပတ်သက်လို့ ညှိနှိုင်း အဖြေရှာတဲ့ အလေ့အကျင့် ယဉ်ကျေးမှု ထွန်းကားအောင် ဆောင်ရွက်ဖို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။
နေပြည်တော် ဇဗ္မူသီရိနယ်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း ကတော့ လူထုအကြား ပြဿနာတွေကို ဖြေရှင်းရာမှာ နေပြည်တော်ရှိ ဒေသခံအာဏာပိုင်တွေ ကလည်း လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ လိုတယ်လို့ ပြောပါတယ်။
"ကျွန်မတို့ ဖြစ်နေတာက နေပြည်တော်မှာဆိုရင် ဒေသအာဏာပိုင်တွေက ကျွန်မတို့ကိုဒီလိုမျိုး ပူးပေါင်းဆောင်ရွက်ခွင့် မပြုပါဘူး။ အဲဒီလိုပဲ ကျွန်မတို့ ဖိတ်တဲ့ ပွဲတွေဆိုလည်း သူတို့ တက်လေ့ မရှိဘူး။ အဲဒီလိုပဲ ကျွန်မတို့ကို ဆိုရင် နေပြည်တော်ကောင်စီက ဖိတ်တာက အာဇာနည်နေ့ အခမ်းအနားမှာ ဖိတ်တာ တခါပဲ ရှိခဲ့တယ်။ ကျွန်မတို့ လွှတ်တော် ကိုယ်စားလှယ်များ အနေနဲ့လည်း ဒီနေပြည်တော် အာဏာပိုင်များနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်ခွင့်လည်း မရခဲ့ပါဘူး။ လုပ်ခွင့်လည်း သူတို့ မပေးခဲ့ပါဘူး။"