ဒေါ်အောင်ဆန်းစုကြည် မျက်နှာဖုံးနဲ့ ပြည်သူ့ခေတ်ဂျာနယ် စာပေစိစစ်ရေး ခွင့်ပြု
2011.09.04

ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာချုပ် ဆရာဖေမြင့်ကို ဒီအကြောင်းနဲ့ ပတ်သက်လို့ ဆက်သွယ် မေးမြန်းရာမှာ အရင်က ခွင့်ပြုချက်မရတဲ့ ဆောင်းပါး အသုံးပြုခွင့်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။
“ကျနော်တို့က အင်တာဗျူးတွေ သွားပြီး လုပ်တာရှိတယ်လေ။ လုပ်ရင်းနဲ့ စကားစပ်မိတာပေါ့ဗျာ။ အင်္ဂါနေ့မှာ ထွက်မှာပါ။ အခုမှ တင်ပြတော့ ခွင့်ပြုချက်ရတော့ အခုမှ ရိုက်ဖို့ စီစဉ်တာပေါ့ဗျာ။ ဟုတ်ကဲ့ ပထမဆုံးပေါ့ဗျာ။ အရင်အခါ မရတဲ့ဟာ အခုရလာတယ်လို့ပဲ ပြောရမှာပေါ့”
ပြီးခဲ့တဲ့လက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂံဘုရားဖူး ခရီးသွားဆောင်းပါး တပုဒ်ကို ပြည်သူ့ခေတ် ဂျာနယ်မှာ ဖော်ပြဖို့ စာပေစိစစ်ရေးကနေ ခွင့်ပြုချက် တောင်းခံခဲ့ရာ ပထမအကြိမ်မှာ ခွင့်ပြုချက် မရခဲ့ပါဘူး။ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပြီးနောက်ပိုင်းမှာ ပြည်သူ့ခေတ်ဂျာနယ်ကနေ အခုလို ပထမဆုံးအကြိမ် ဖော်ပြခွှင့် ရတာလို့လည်း ဦးဖေမြင့်က ပြောပါတယ်။ အခုလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်းပါးကို ဖော်ပြခွှင့် ပြုတဲ့အတွက် ဝမ်းသာပြီး အရင်က အသုံးပြုခွှင့် မရတဲ့ ဆက်သွယ်မေးမြန်းခန်းနဲ့ ပတ်သက်လို့လည်း ဂျာနယ်မှာ ထုတ်ဝေခွင့်ရအောင် တင်ပြသွားလိုကြောင်း ဆရာဖေမြင့်က ပြောပါတယ်။
“ကျနော်တို့ကတော့ ဝမ်းသာတာပေါ့ဗျာ။ ကျနော်တို့က ဖော်ပြချင်တာပေါ့၊ စောစောတည်းက ကျနော်တို့ အင်တာဗျူးတွေ လုပ်နေတာ နှစ်ကြိမ်ရှိတယ်။ ဖော်ပြခွှင့်မရခဲ့သေးဘူး။ ဆောင်းပါးကျတော့ ပထမပိုင်းက ရမလိုလိုနဲ့ နည်းနည်း အဆင်မပြေတာလေး ရှိတယ်။ အခုတော့ ရသွားတယ်ဆိုတော့ ကျနော်တို့ တော်တော် ဝမ်းသာပါတယ်။ အခု တခြား အင်တာဗျူးတို့ ဘာတို့ကိုလည်း ခွင့်ပြုမယ်လို့ ထင်ရတာပေါ့နော်။ ထင်ရတော့ ကျနော်တို့ထပ်ပြီး အရင်ရှိထားတဲ့ အင်တာဗျူး နှစ်ခုကိုလည်း ပြန်တင်ဖို့ စဉ်းစားနေတယ်။ ပြောင်းလဲတဲ့အပိုင်းတွေကတော့ ပြောင်းလဲနေပါတယ် ပြောင်းလဲနေတာတွေရှိပါတယ်။ အရင်တုန်းက မရတဲ့ အစိတ်အပိုင်းတွေ ရလာနေတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် အခုလည်းပဲ ကျနော်တို့က ကြိုပြီးတော့ တင်ရတဲ့အထဲမှာ ပါနေသေးတာပေါ့။ စိစစ်ရေးမှာတော့ တင်စရာမလိုဘဲ ထုတ်လို့ရတာနဲ့ တင်ပြပြီးမှ ထုတ်လို့ရတဲ့ အစိတ်အပိုင်းတွေကတော့ ရှိပါသေးတယ်”
ပြည်သူ့ခေတ်ဂျာနယ်လိုပဲ ပြည်တွင်းထုတ် သတင်းဂျာနယ်တခု ဖြစ်တဲ့ ဒီကနေ့ထုတ် “မက်ဆင်ဂျာ” သတင်းဂျာနယ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်တာဗျူးသတင်းနဲ့ အတူ ဓာတ်ပုံကို ပထမဆုံးအကြိမ် ဖော်ပြခွင့် ရရှိခဲ့တယ်လို့ သိရပါတယ်။