လွတ်မြောက်ရေးဆု ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုချီးမြှင့်ခံရ
2011.10.25

Photo: RFA
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှု အရည်အချင်းဟာ နိုင်ငံတကာ အသိုင်းအဝိုင်း အတွက် တကယ့်ကို လေးစား စံနမူနာ ယူထိုက်တာကြောင့် လွတ်မြောက်ရေးဆုကို ထိုက်ထိုက်တန်တန် ဂုဏ်ပြု ချီးမြှင့်ရတာ ဖြစ်တယ်လို့ Freedom House အဖွဲ့ ဥက္ကဌ David Kramer က အာအက်ဖ်အေ ကို
ပြောဆိုပါတယ်။
" ဒီဆုအတွက် အမည်စာရင်း ပေးသွင်းခံရသူတွေကို ကျနော်တို့ သုံးသပ်တဲ့ အခါမှာ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲရင့် သတ္တိရှိမှု၊ ဦးဆောင်မှု အရည်အချင်း၊ အကြမ်းမဖက် ငြိမ်းချမ်းတဲ့နည်းနဲ့ လှုပ်ရှား ဆောင်ရွက်နေတာတွေဟာ ထင်ရှား
ပေါ်လွင်နေပါတယ်။ ဒါတွေဟာ ကျနော်တို့ အတွက် မီးရှုးတန်ဆောင်လို ခွန်အား ဖြစ်စေတာကြောင့် ဝမ်းမြောက်ဝမ်းသာ တညီတညွတ်တည်း ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်" လို့ David Kramer က ပြောပါတယ်။
လွတ်မြောက်ရေးဆု ကို ဒီကနေ့ ကျင်းပမယ့် Freedom House အဖွဲ့ကြီး ထူထောင်ခဲ့တဲ့ အနှစ် (၇၀) မြောက်အထိမ်းအမှတ် အခမ်းအနားမှာ ချီးမြှင့်မှာ ဖြစ်ပါတယ်။
ဒီအခမ်းအနားကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်းတွေ ဖြစ်တဲ့ မယ်ဒလင်အော်ဘရိုက် (Madeleine Albright) နဲ့ ကွန်ဒိုလီဇာရိုက်စ် (Condoleezza Rice) တို့က
ဦးဆောင် ကျင်းပမှာ ဖြစ်ပြီး အမေရိကန် အထက်လွှတ်တော်၊ အောက်လွှတ်တော် အမတ် ၅၀ လောက် တက်ရောက်ကြမှာ ဖြစ်ပါတယ်။