ဒေါ်အောင်ဆန်းစုကြည် ပါရီမြို့ ဂုဏ်ထူးဆောင် မြို့သားဘွဲ့လက်ခံရယူ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၄ ခုနှစ်မှာ သူ့ကို ချီးမြှင့်ထားတဲ့ ပါရီမြို့ ဂုဏ်ထူးဆောင် မြို့သားဘွဲ့ကို ဒီကနေ့မှာပဲ လက်ခံရယူ လိုက်ပါတယ်။
2012.06.27
assk-paris-citizen-award-b305 ၂ ခုနှစ် ဇွန်လ ၂၇ ရက်က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပါရီမြို့ ဂုဏ်ထူးဆောင် မြို့သားဘွဲ့ကို လက်ခံရယူနေစဉ်။
AFP

ဒီမတိုင်ခင်မှာတော့  ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ်ရောက် မြန်မာ တိုင်းရင်းသား အယောက် ၁၅၀ နဲ့ ပဲရစ်မြို့တော်ခန်းမမှာ တွေ့ဆုံခဲ့ ပါတယ်။

ညနေပိုင်းမှာ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Laurent Fabius အပါအဝင် အစိုးရ ထိပ်တန်းအရာရှိတွေနဲ့ ညစာစားပွဲမှာ တွေ့ဆုံဖို့ရှိတယ် လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ခရီးစဉ်မှာ လိုက်ပါ သွားတဲ့ ဦးခွန်သာမြင့်က ပြောပါတယ်။

မနေ့ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ပြင်သစ် သမ္မတ Francois Hollande က Elysee နန်းတော်မှာ ပူးတွဲသတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး၊ ပြင်သစ်နိုင်ငံ အနေနဲ့ မြန်မာ့ ဒီမိုကရေစီရေး  ပြောင်းလဲမှုတွေကို အားပေးထောက်ခံသွားမယ်လို့ သမ္မတ Francois Hollande က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုလိုလားသူ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေအားလုံးကို ပြင်သစ်အစိုးရအနေ နဲ့ ထောက်ခံသွားမှာဖြစ်သလို၊ ဥရောပသမဂ္ဂနဲ့ လက်တွဲဆောင်ရွက် သွားမယ်လို့လည်း ပြင်သစ်သမ္မတက ပြောပါတယ်။

အဲဒီ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကလည်း - မြန်မာနိုင်ငံက အပြောင်းအလဲတွေ ရှေ့ဆက်တိုးနိုင်ဖို့အတွက် မြန်မာ အစိုးရကို ဒီထက်ပိုပြီး တိုက်တွန်းသွားဖို့ လိုနေသေးကြောင်း၊ သမ္မတ ဦးသိန်းစိန်ဟာ တကယ်ကို အပြောင်းအလဲ လိုသားသူအဖြစ် သူ့အနေနဲ့ယုံကြည်ကြောင်း၊ ဒါပေမယ့် အစိုးရတစ်ဖွဲ့လုံး အတွက်တော့ ပြောဖို့ခက်ကြောင်း ပြောခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ့ တပ်မတော်က အပြောင်းအလဲကို လက်ခံမှသာ အာမခံချက်ရှိတဲ့ ဒီမိုကရေစီလမ်းကြောင်းကို ရှေ့ဆက် သွားနိုင် မှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ဥရောပခရီးစဉ်အတွင်း နောက် ဆုံး နိုင်ငံအဖြစ် ပြင်သစ်နိုင်ငံကို ရောက်နေတာဖြစ်ပြီး ၂၉ ရက်နေ့ မှာ မြန်မာနိုင်ငံကို ပြန်မယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။