ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ် အစိုးရ မီဒီယာတွေမှာ မဖော်ပြ
2012.06.21

ဥရောပကို ရောက်ရှိနေတဲ့ ဦးရဲထွဋ်ဟာ သူရဲ့ခရီးစဉ်အတွင်း ဇွန်လ (၁၉) ရက်နေ့ ဒိန်းမိတ်နိုင်ငံ ကိုပင်ဟေဂင် မြို့တော်မှာ ကျင်းပတဲ့ မြန်မာသတင်းမီဒီယာနဲ့ ပတ်သက်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲ မှာ ပြောဆိုခဲ့တာပါ။
အဲဒီဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဘယ်လ်ဆု အခမ်းအနား သတင်းနဲ့တကွ တခြားဥရောပခရီးစဉ်တွေကို ဘာကြောင့် အစိုးရ သတင်းမီဒီယာတွေက မဖော်ပြတာပါလဲ ဆိုတဲ့မေးခွန်းနဲ့ ပတ်သက်လို့ ဦးရဲထွဋ် ပြန်လည်ဖြေကြားခဲ့ပုံကို အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ဒိန်းမတ်အခြေစိုက် ဘားမားကမ်ပိန်း အဖွဲ့က မခင်မိုးမိုးက ပြောပြပါတယ်။
"သူဖြေတာကတော့ အဲဒီ USDP က ကိုယ်စားလှယ်နဲ့ NLD ကပါတီ ကိုယ်စားလှယ် တစ်ယောက်နဲ့ အတူတူပါပဲ။ သာမာန်ကိုယ်စားလှယ် တစ်ယောက်ဖြစ်လို့ နိုင်ငံပိုင် သတင်းမီဒီယာမှာ အထူးတလည် မျက်နှာလိုက်ပြီး ဖော်မပြနိုင်ဘူး ဆိုတာမျိုး သုံးနှုန်း ပြီးတော့ ပြောဆိုသွားတယ်"
ဒါ့အပြင် အစိုးရ မီဒီယာအနေနဲ့ ပါတီတွေရဲ့သတင်းတွေကို ဖော်ပြ ရာမှာ စည်းကမ်း သတ်မှတ်ထားပြီး ပုဂ္ဂိုလ်ရေး ခရီးစဉ်နဲ့ သက်ဆိုင်ရာ ပါတီတွေရဲ့လှုပ်ရှားမှု သက်သက်ဆိုရင် ဖော်ပြတာမျိုး မရှိဘူး လို့ ဦးရဲထွဋ်က ပြောဆိုကြောင်း၊ တကယ်လို့သာ ဒေါ်အောင်ဆန်းစုကြည် ဟာ လွှတ်တော်ကိုယ်စားပြုပြီး သွားမယ်ဆိုရင်တော့ သတင်း အဖြစ် ဖော်ပြမှာ ဖြစ်တယ်လို့ ဆိုကြောင်းလည်း မခင်မိုးမိုး က ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ ဆရာမောင်ဝံသ ကတော့ -
"လူပုဂ္ဂိုလ်တဦးချင်း အနေနဲ့ ခရီးမို့လို့ နိုင်ငံပိုင်သတင်းစာမှာ မဖော်ပြတာ မဟုတ်ဘူး ဆိုရင်တော့ သတင်းအမြင်နဲ့ ကြည့်ရင်တော့ တစ်မျိုးဖြစ်မယ်လေ။ ဒါဟာ သတင်းထူး တစ်ခုပေါ့လေ။ ကိုယ့်တိုင်းပြည်အတွက် အရေးကြီးတဲ့ သတင်း၊ ကိုယ့်တိုင်းပြည် အတွက် ဖော်ပြသင့်တဲ့သတင်း ဟုတ်လား၊ မဟုတ်ဘူးလား အဲတာကတော့ ဒါကိုတော့ မေးခွန်းထုတ်စရာ ရှိတာပေါ့။ ဒီသတင်းကို ဟို အမှောင်ချတယ်ဆိုတဲ့ သဘောကတော့ မဟုတ်ဘူးပေါ့လေ၊ ဒီကျွန်တော်တို့ ပြည်တွင်း ကျွန်တော်တို့ ပုဂ္ဂလိက ဂျာနယ်တွေမှာကတော့ တော်တော်ကြီးကို အကျယ်တဝင့် ထည့်ကြတယ်"
CNN/ BBC/ Al-Jazeera အပါအဝင် ကမ္ဘာ့သတင်း မီဒီယာကြီးတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပ (၅) နိုင်ငံခရီးစဉ်အတွင်း လှုပ်ရှားမှုတွေကို အဆက်မပြတ် ထုတ်လွှင့်ပြသနေပါတယ်။