ပညာရေးကွန်ယက် ရန်ပုံငွေ ဈေးရောင်းပွဲတော် ဒေါ်အောင်ဆန်းစုကြည် ဖွင့်
2011.11.21

RFA
ပွဲတော်ဖြစ်မြောက်ရေး စီစဉ် ဆောင်ရွက်သူ တစ်ဦးဖြစ်တဲ့ ဗေဒါကျောင်း ကြီးကြပ်ရေး အဖွဲ့ဝင် ကိုမျိုးရန်နောင်သိမ်းက ဈေးရောင်းပွဲတော် အောင်မြင်ကြောင်း၊ အပြင်ရော အတွင်းရော ဆိုင်ခန်းတွေ ပြည့်ညပ်နေတဲ့ အထိ စည်ကားကြောင်း ပြောပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ပွဲတော်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီးတဲ့နောက် တက်ရောက်လာတဲ့ လူထု ပရိသတ်ကို ပညာရေး အရေးကြီးပုံနဲ့ ပတ်သက်ပြီး မိန့်ခွန်း ပြောကြားခဲ့တယ်လို့ ကိုမျိုးရန်နောင်သိမ်းက ပြောပါတယ်။
ပညာရေး ကွန်ယက် အတွက် ရန်ပုံငွေရှာတဲ့ ဈေးရောင်း ပွဲတော်မှာ အမေ့အိမ် စာသင်ကျောင်းတွေ၊ ရန်ကုန် ဗေဒါကျောင်း ၊ အထက် မြန်မာပြည် ဗေဒါကျောင်း၊ တောင်ကြီး ဗေဒါကျောင်းစတဲ့ ပညာရေး ကွန်ယက်ဝင်ကျောင်းတွေ အပါအဝင် ဆိုင်ခန်းပေါင်း ၃၂ ခန်းက အစားအသောက်၊ စာအုပ်၊ ပို့စကတ်၊ အဝတ်အထည်နဲ့ တခြားပစ္စည်းတွေ ရောင်းချခဲ့ရာမှာ အထူး ရောင်းကောင်းတယ်လို့ သိရပါတယ်။
တက်ရောက်လာတဲ့ ပရိသတ်က ပညာရေးကွန်ယက် အတွက် သီးသန့်အလှူငွေတွေလည်း ထည့်ဝင်ခဲ့ကြ ပါတယ်။ ညနေ ၅ နာရီလောက် အထိ ခန့်မှန်းခြေ အလှူငွေ သိန်း သုံးဆယ်လောက် ရတယ်လို့ သိရပါတယ်။
ဒီဈေးရောင်းပွဲတော်မှာ နာမည်ကြီး အနုပညာသည်တွေရဲ့ စင်မြင့်သီဆို ဖျော်ဖြေမှုတွေလည်း ပါဝင်တယ်လို့ ပွဲတော် ဖြစ်မြောက်ရေး တာဝန်ခံ တစ်ဦးဖြစ်သူ ကိုဆောင်းဦးလှိုင်က ပြောပါတယ်။
ဒါ့အပြင် ကိုစိုးမြတ်သူ ဦးဆောင်တဲ့ “ နယ်စည်းမခြား လူရွှင်တော်များအဖွဲ့”နဲ့ “သုခုမ ခရီးသည် မျက်လှည့် အဖွဲ့” တို့ကလည်း ပရိသတ်ကို ဖျော်ဖြေ တင်ဆက်ခဲ့ကြတယ်လို့ သိရပါတယ်။