ဘဏ္ဍာရေးဆိုင်ရာ ဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
2011.11.07

RFA
အခုလို အစိုးရရဲ့ မူဝါဒပိုင်းဆိုင်ရာ ဆွေးနွေးပွဲတွေကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာတဲ့ အတွက် သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည် အကြား နားလည်မှုတွေ ပိုပြီး တည်ဆောက်လာနိုင်တာ တွေ့မြင်နေရတယ်လို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ရန်ကုန် မီဒီယာအဖွဲ့ ဥက္ကဋ္ဌ ဦးကိုကို (စက်မှုတက္ကသိုလ်) က အာအက်ဖ်အေကို ပြောပါတယ်။
“ဒေါ်စုကို ရှေ့ဆုံးတန်းမှာ နေရာပေး ပါတယ်။ အားလုံးက လှိုက်လှိုက်လှဲလှဲ ကြိုပါတယ်။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်းကလည်း အဖွင့်မိန့်ခွန်းမှာ ကျွန်တော်တို့ရဲ့ အမကြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောပါတယ်။ နောက်ပြီး ဝန်ကြီးနဲ့ ဒေါ်စု ရင်းရင်းနှီးနှီး စကားပြောဆိုနေတာ တွေ့ရပါတယ်"
ဒါ့အပြင် မြန်မာနိုင်ငံမှာ စီးပွားရေး နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ လုပ်နေတာနဲ့ အချိန်ကိုက် ဘဏ္ဍာရေး ဆိုင်ရာ ကိစ္စတွေမှာ တိုးတက်မှုတွေ ရှိလာအောင် မူဝါဒတွေ ချမှတ်နိုင်ဖို့ ဒီဆွေးနွေးပွဲကို ကျင်းပတာလို့ ဦးကိုကိုက ပြောပါတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့လည်း မြန်မာနိုင်ငံမှာ ခိုင်မာတဲ့ ငွေကြေး လည်ပတ်မှု စနစ်တစ်ရပ် ဥပဒေနဲ့အညီ ဖြစ်ပေါ်လာဖို့ မျှော်လင့်နေကြတယ်လို့ သိရပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ Chatrium ဟိုတယ်မှာ ကျင်းပတဲ့ ဘဏ္ဍာရေး ဆိုင်ရာ ဆွေးနွေးပွဲကို ဂျာမန် စီးပွားရေးပညာရှင် Dr. Hans Dieter Seibel နဲ့ မြန်မာ့စီးပွားရေး ပညာရှင်လည်းဖြစ် သမ္မတ အကြံပေးလည်း ဖြစ်တဲ့ ဒေါက်တာဦးမြင့်တို့ အပြင် ဘဏ်လုပ်ငန်းရှင်တွေ စီးပွားရေးပညာရှင်တွေ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။