ဒိန်းမတ် ဖွံ့ဖြိုးရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့
2012.01.07

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာမှာ ဒိန်းမတ်ဝန်ကြီး မစ္စတာဘာ့ဂ်က “မြန်မာ့ လူ့အခွင့်အရေးကိစ္စနဲ့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲတွေ သန့်ရှင်းတဲ့ အခြေအနေဖြစ်ရေး ကိစ္စတွေ လည်း ဆွေးနွေးကြတယ်၊ မြန်မာပြည်သူတွေကို ဒိန်းမတ်က ကူညီမယ့် ကိစ္စမှာ ကလေးပညာရေး ပြုစုပျိုးထောင်ရေးနဲ့ လယ်သမားတွေကို ကူညီရေးလည်း ဆွေးနွေးဖြစ်တယ်” လို့ ဆိုပါတယ်။
ဒိန်းမတ်နိုင်ငံဟာ UNICEF ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့၊ MDEF လို့ခေါ်တဲ့ ပညာရေးရန်ပုံငွေ အလှူရှင်များအဖွဲ့နဲ့ သြစတြေလျ၊ နော်ဝေး၊ ဗြိတိန်၊ ဥရောပသမဂ္ဂတို့နဲ့ လက်တွဲပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ကူညီနေပါတယ်။
ပထမအသုတ် အကူအညီကို ၂ဝဝ၇ ကနေ ၂ဝ၁ဝ အထိ ပေးခဲ့ပြီး ဒုတိယအသုတ် အနေနဲ့ ၂ဝ၁၂ ကနေ ၂ဝ၁၅ အထိ ကူညီမယ်လို့ ဆိုပါတယ်။ အဲဒီအထဲမှာ ပညာရေးနယ်ပယ်မှာ အသုံးပြုဖို့ ၄ နှစ် အတွက် အမေရိကန် ဒေါ်လာ ၁၅ သန်း ကူညီဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
ဒိန်းမတ်ဝန်ကြီး မစ္စတာဘာ့ဂ်ဟာ အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေ နဲ့လည်း နေပြည်တော်မှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ဒိန်းမတ် နိုင်ငံဟာ မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု လျှော့ချရေးနဲ့ ဒီမိုကရေစီစနစ် ဖွံ့ဖြိုးရေးတွေအတွက် အဓိက ကူညီနေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်သလို၊ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၂ သန်းကျော် ကူညီနေတယ်လို့ သိရပါတယ်။
ဒီလို အကူအညီတွေ ပေးတာကြောင့် ဒိန်းမတ်နိုင်ငံကို မြန်မာပြည်သူ တွေကိုယ်စား ကျေးဇူးတင်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။