ဒီမိုကရေစီပန်းတိုင် အရောက် လှမ်းရတော့မယ် ဒေါ်အောင်ဆန်းစုကြည် ပြော
2011.12.02

RFA
အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်နဲ့တွေ့ဆုံ အပြီး သတင်းထောက်များကို ရှင်းလင်း ပြောကြားရာမှာ အခုလိုပြောတာပါ။ ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က
“ဒါပေမယ့် ကျွန်မတို့ဟာ ဒီလမ်းကြောင်းပေါ်ကို မရောက်သေးပါဘူး။ ကျွန်မတို့ရဲ့ မိတ်ဆွေများ အကူအညီတွေ၊ စာနာ နားလည်မှုတွေနဲ့ ဒီလမ်းကြောင်းပေါ်ကို အမြန်ဆုံး ရောက်ရှိနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့လည်း ပြောဆိုပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကလည်း သတင်းထောက်များကို ပြောကြားရာမှာ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးတွေ လုပ်ဆောင်လာတာနဲ့ အမျှ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးတွေ အတွက် အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံနဲ့ အတူတူ လက်တွဲ လုပ်ဆောင်လိုပါကြောင်း၊ မြန်မာနိုင်ငံ ဒီမိုကရေစီအရေး အတွက် လုပ်ဖေါ်ကိုင်ဖက် တစ်ဦး ဖြစ်လိုပါကြောင်း ပြောဆိုသွားပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ဟာ အာရှနဲ့အရှေ့ဖျား ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Cambell၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမား ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Michael Posner၊ မြန်မာနိုင်ငံ ဆိုင်ရာ အထူူး ကိုယ်စားလှယ် Derek Mitchell နဲ့အမေရိကန် သံရုံး ယာယီတာဝန်ခံ သံမှူးတို့နဲ့ နံနက် ၉ နာရီမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ရောက်ရှိလာပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဟံသာမြင့်လည်း တက်ရောက်ပါတယ်။ အသေးစိတ်ကိုတော့ နှစ်ဘက်လုံးက ထုတ်ပြန်ခြင်း မရှိပါဘူး။
နံနက် ၁၀ နာရီ မိနစ် ၂၀ မှာတော့ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အင်န်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် အဖွဲ့နဲ့ရော၊ CRPP အဖွဲ့နဲ့ရော တွေ့ဆုံပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးရဲ
့ ဆွေးနွေးချက်နဲ့ပတ်သက်ပြီး ပြန်ကြားရေး တာဝန်ခံ ဦးအုံးကြိုင်က အခုလို ပြောပြပါတယ်။
“လွန်ခဲ့တဲ့ လအနည်းငယ်က သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တု့ိ ဆွေးနွေးပြီးတဲ့ နောက်ပိုင်းမှာ မြန်မာ့ နိုင်ငံရေးမှာ တိုးတက်မှု တချို့ ရရှိလာခဲ့တာ မှန်ပါတယ်။ စစ်မှန်တဲ့ ပြောင်းလဲမှုတွေ ဖြစ်နေပြီလို့ ပြောလို့ကတော့ မရသေးပါဘူး။
ပြုပြင် ပြောင်းလဲမှုတွေ အများအပြား တိုးမြှင့် လုပ်ဆောင်စရာတွေတော့ ရှိနေဆဲ ဖြစ်ပါတယ်။ နိုင်ငံ တစ်ဝန်းလုံးမှာ ရှိတဲ့ အကျဉ်းထောင် အသီးသီးမှာ နိုင်ငံရေး အကျဉ်းသားပေါင်း များစွာ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ နေပြည်တော်မှာ ဒီကိစ္စကို ဝန်ကြီး ကလင်တန် ဆွေးနွေးခဲ့ပြီး ဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်။ တိုင်းရင်းသားများ မှီတင်း နေထိုင်ရာ ပြည်နယ် တချို့မှာ တောက်လောင်နေဆဲ စစ်မီးကို အမြန်ဆုံး ငြိမ်းသတ်နိုင်ရေး အတွက် ဆောင်ရွက်ပေးဖို့ လိုအပ်နေပါပြီ ဆိုတဲ့ အကြောင်းပါပဲ။ အဲဒီစစ်ကို အကြောင်းပြုပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်တို့မှာ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပေါ်နေတယ်လို့ ကြားနေရလို့ များစွာ စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ
စတင်ဖို့ အမေရိကန် အနေနဲ့ မြန်မာ အစိုးရကို တိုက်တွန်း ပေးစေလိုပါတယ်။ လက်ရှိ မြန်မာ အစိုးရအပေါ် အမေရိကန် အစိုးရ အနေနဲ့ ချဉ်းကပ် ဆောင်ရွက်နေပုံကို နားလည် သဘောပေါက်ပြီး ထောက်ခံပါတယ် စသည်ဖြင့် ပြောပါတယ်။”
CRPP အတွင်းရေးမှူး ဦးအေးသာအောင်က တိုင်းရင်းသားများ အရေးနဲ့ ပတ်သက်ပြီး ပင်လုံ စာချုပ် အခြေခံတဲ့ ဖယ်ဒရယ် ပြည်ထောင်စု ဖြစ်မြောက်ရေး လိုအပ်ကြောင်း ဆွေးနွေးကြပြီး ဦးပူကျင့်ထန်းနဲ့ ဦးနိုင်ငွေသိန်း တို့ကလည်း အလားတူ
ဆွေးနွေးကြတယ်လို့ သိရပါတယ်။ ဟီလာရီ ကလင်တန်ဟာ ဆွေးနွေးပွဲ အပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ နေအိမ် ခြံဝင်းရှေ့မှာ သတင်းမီဒီယာက ပုဂ္ဂိုလ် ၁၅၀ ခန့်ကို ရှင်းလင်း ပြောကြားပါတယ်။
သတင်းထောက် တစ်ဦးရဲ့အမေးကို ဖြေကြားရာမှာတော့ လုံလောက်တဲ့ တိုးတက်မှု ရှိရင် ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းဖို့စဉ်းစားမယ် ဖြစ်ကြောင်း ဟီလာရီ ကလင်တန်က ဖြေကြားခဲ့ပါတယ်။