လွှတ်တော်တွင်းကနေ ပြည်သူ ရည်မှန်းချက် အောင်မြင်အောင် ဆောင်ရွက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ ပြည်သူ့တွေရဲ့ ရည်မှန်းချက်ကို ရာနှုန်းပြည့် အောင်မြင်အောင် လွှတ်တော်တွင်းက ကြိုးစား ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဒီကနေ့ ပြောကြားလိုက်ပါတယ်။

2012.05.02
assk-parliament-0502-2-b305 ၂၀၁၂ ခုနှစ် မေလ ၂ ရက်နေ့တွင် လွှတ်တော် ကြားဖြတ်အစည်းအဝေးကို ပထမဆုံးအကြိမ် တက်ရောက်လာသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ခန်းမအတွင်း သတင်းထောက်များက မေးမြန်းနေစဉ်။
RFA

နေပြည်တော် လွှတ်တော် အစည်းအဝေးကို NLD ကိုယ်စားလှယ်တွေ တက်ရောက်လာတာနဲ့ ပတ်သက်ပြီး သတင်းထောက်တစ်ဦးက မေးမြန်းစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေရဲ့ အကျိုးအတွက် ရည်ရွယ်တဲ့အကြောင်း အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

"ကျွန်မရဲ့ ဖြစ်စေချင်တဲ့ကိစ္စက အဓိက မဟုတ်ပါဘူး။ ပြည်သူတွေအတွက် သင့်တော်တဲ့ ကိစ္စကို လုပ်ဖို့က အဓိကပါ။ ပြည်သူတွေ အကျိုးအတွက် ပိုပြီး ထမ်းဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ပြည်သူတွေရဲ့ ရည်မှန်းချက် တွေကို ၁၀၀% အောင်မြင်အောင်တော့ ကြိုးပမ်းရမှာပါပဲ။"

ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၃၇ ဦး တို့ဟာ ပထမဆုံးအကြိမ်အဖြစ် နေပြည်တော် လွှတ်တော်အစည်းအဝေးတွေကို ဒီကနေ့ တက်ရောက်ပြီး ကျမ်းကျိန်သစ္စာ ပြုခဲ့ကြပါတယ်။

လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြီးခဲ့တဲ့လွှတ်တော် အစည်းအဝေးတွေက လုပ်ဆောင်ချက်တွေကို ပြန်လည်သုံးသပ်ပြီး၊ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။

လွှတ်တော်စည်းဝေးပွဲ အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်က စည်ပင် ဧည့်ရိပ်သာဝန်း အတွင်းက ယူနီစန် စားသောက်ဆိုင်မှာ NLD ကို လွှတ်တော် တက်ရောက်ဖို့ မေတ္တာရပ်ခံ ကြေညာချက် ထုတ်ပြန်ခဲ့တဲ့ တိုင်းရင်းသားပါတီများမှ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နေ့လည်စာ စားသုံးခဲ့ကြောင်း သိရပါတယ်။

ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန် အစည်းအဝေးတွေကို ဒီနေ့ စည်းဝေးပွဲအပြီးမှာ ရပ်နားထားလိုက်ပြီး လာမဲ့ ဇူလိုင်လမှာ ပြန်လည် စတင်မယ်လို့ သိရပါတယ်။

ဒီကနေ့ သီးသန့်ခေါ်ယူ ကျင်းပတဲ့လွှတ်တော်မှာ NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်တွေ ကျမ်းသစ္စာ ကျိန်ဆိုကြတဲ့ အတွေ့အကြုံနဲ့ ပတ်သက်ပြီး ကိုယ်တိုင် တက်ရောက် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တဲ့ မိတ္ထီလာ မဲဆန္ဒနယ်မြေက NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်ကို RFA ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။