၈၈ ဟာ ဒီမိုကရေစီအောင်ပွဲရဲ့ အစ
2011.08.11

AFP
"မတ်လ ၁၉၈၈ ခုနှစ်က ကျောင်းသားတွေနဲ့ အာဏာပိုင်တွေအကြား ဖြစ်ပေါ်လာတဲ့ ပြဿနာတွေဟာ လွယ်လွယ်နဲ့ ပြီးဆုံးသွားမှာမဟုတ်ဘူးလို့ ခန့်မှန်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ၈ လေးလုံး အရေးတော်ပုံကြီး ပေါ်ထွက်လာနိုင်မယ်လို့တော့ မခန့်မှန်းခဲ့ပါဘူး။ အခု ၈ လေးလုံး အရေးတော်ပုံကြောင့် ဒီမိုကရေစီ စနစ်ကို အလျင်အမြန် တည်ဆောက်နိုင်ခဲ့ခြင်း မရှိပေမဲ့ မအောင်မြင်ဘူးလို့တော့ အန်တီက မမြင်ပါဘူး။ ၈ လေးလုံးဘာ ဒီမိုကရေစီတော်လှန်ရေး အရှည်ကြီးရဲ့ အစလို့ဘဲ မြင်ပါတယ်။ အောင်မြင်တဲ့ အခါကျမှ ဘာကြောင့် ဒီလောက်တောင်မှ ဒီလို အချိန်ယူခဲ့ရတာလဲ ဆိုတာကို သုံးသပ်ကြတာပေါ့။"
RFA က သောကြာနေ့ ညတိုင်း ထုတ်လွှင့်နေကျ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အမေးအဖြေ အစီအစဉ် အတွက် အမေရိကန် ပြည်ထောင်စုက သောတရှင် တဦးရဲ့ ရှစ်လေးလုံး လူထုအုံကြွမှုနဲ့ ပတ်သက်တဲ့ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ဖြေကြားလိုက်တာ ဖြစ်ပါတယ်။
မလေးရှားနိုင်ငံက RFA သောတရှင် တဦးကလည်း ရှေ့လာမယ့် အနာဂတ် မြန်မာနိုင်ငံမှာ ရှစ်လေးလုံးလို အရေးတော်ပုံမျိုး ပေါ်ပေါက်လာနိုင်စရာ အကြောင်း ရှိပါသလားလို့ မေးမြန်းခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်ဖြေတာက -
"၈၈ အရေးတော်ပုံကြီး ဆိုတာ တနေ့ထဲနဲ့ ပေါ်လာခဲ့တာ မဟုတ်ပါဘူး။ ကာလရှည်ကြာစွာ ပြည်သူတွေရဲ့ မကျေနပ်မှုတွေကနေ တဖြေးတဖြေး ပေါ်လာတဲ့ အရေးတော်ပုံကြီး ဖြစ်ပါတယ်။ သမိုင်းဆိုတာ တကျော့ ပြန်လည်တတ်တယ်လို့ ယူဆတဲ့သူတွေ ရှိသလို တဖက်ကနေ ပြန်ကြည့်ပြန်တော့လည်း အတိတ်ကအတိုင်း တထပ်တည်း ပြန်ဖြစ်တယ် ဆိုတာကတော့ ရှားလှပါတယ်။ ပြည်သူတွေ နှစ်ရှည် လပေါင်း များစွာ မကျေနပ်မှုတွေ ရှိပြန်မယ် ဆိုလို့ရှိရင် အဲဒီ မကျေနပ်ချက်တွေရဲ့ အကျိုးဆက်တွေကတော့ တနည်းနည်းနဲ့ ပုံပေါ်လာမှာပါဘဲ။"