ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေ ဆွေးနွေးခဲ့တယ်လို့ ဦးအောင်ကြည် ပြောဆို

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရ အကြား ဆက်ဆံရေး တာဝန်ယူ ထားတဲ့ အလုပ်သမားရေး ဝန်ကြီး ဦးအောင်ကြည်တို့ စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာမှာ ဒီကနေ့ နေ့ခင်းက ၁ နာရီကျော်ကြာ တွေ့ဆုံဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။

2011.07.25
assk-meets-aungkyi305 မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သမားရေးဝန်ကြီး ဦးအောင်ကြည်တို့ စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာမှာ ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့က တွေ့ဆုံဆွေးနွေးအပြီး သတင်းထောက်များနှင့် တွေ့ဆုံစဉ်။
AFP

ဒီလိုဆွေးနွေးရာမှာ ပြည်သူလူထု ကိုယ်စိတ်နှစ်ပါးချမ်းသာရေး အတွက် နှစ်ဦးနှစ်ဖက် ပူးပေါင်း ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့တယ်လို့ တွေ့ဆုံပွဲ အပြီးမှာ ဝန်ကြီးဦးအောင်ကြည်က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ဦးအောင်ကြည် ပြောကြားအပြီး ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည် အတွက် အကျိုးရှိမယ့် ရလာဒ်တွေ ရရှိလာမယ်လို့ မျှော်လင့်ကြောင်း၊ ဘာဘဲလုပ်လုပ်၊ ဘာစကားပဲ ပြောပြော၊ ဘယ်သူနဲ့ပဲ ဖြစ်စေ မိမိတို့ ရည်ရွယ်ချက်ကတော့ တိုင်းပြည်နဲ့ ပြည်သူလူထု အကျိုးရှိဖို့ကိုပဲ ရှေးရှုပါတယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အရင်က စစ်အစိုးရ လက်ထက် ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ၉ ကြိမ်တွေ့ခဲ့ပြီး အခုတကြိမ်မှာ လက်ဆုတ်လက်ကိုင် ပြနိုင်တဲ့ ရလာဒ်မျိုး ထွက်လာနိုင်ပါသလားလို့ သတင်းထောက် တဦးက မေးမြန်းခဲ့ရမှာ အရင်က တွေ့ဆုံခဲ့တာတွေကြောင့် အထိုက်အလျောက် အကျိုးကျေးဇူး ရှိခဲ့ကြောင်း၊ အခု တွေ့ဆုံမှုကနေ အရင်ထက်ပိုတဲ့ အကျိုးရလာဒ်တွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဦးအောင်ကြည်က ဖြေကြားခဲ့ပါတယ်။

ဒီကနေ့ တွေ့ဆုံမှုဟာ ရှေ့ဆက်ပြီး ပူးပေါင်းလုပ်ဆောင်မယ့် ကိစ္စတွေရဲ့ အစပါလို့လည်း ဖြေကြား ခဲ့ပါတယ်။

ဒီတွေ့ဆုံ ဆွေးနွေးမှုနဲ့ ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က မနက်ဖြန်မှာ ကြေငြာချက် ထုတ်ပြန်မယ်လို့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပါတယ်။

မြန်မာအစိုးရ ပြည်ထောင်စု ဝန်ကြီးဖြစ်တဲ့ ဦးအောင်ကြည်ဟာ ၂၀၀၇ ခုနှစ် သံဃာ့ အရေးအခင်းပြီး ကတည်းက ဒေါ်အောင်ဆန်းစုကြည် နဲ့ ဆက်ဆံရေး ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး အခုအခါ အလုပ်သမား ရေးရာနဲ့ လူမှုဝန်ထမ်း ဝန်ကြီး အဖြစ် တာဝန်ယူထားသူ ဖြစ်ပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရ အကြား ဆက်ဆံရေး တာဝန်ယူ ထားတဲ့ ဦးအောင်ကြည်တို့ တွေ့ဆုံ ဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီး NLD ခေါင်းဆောင် ဦးဝင်းတင် ရဲ့ရှုမြင် သုံးသပ်ချက်တွေကို ဒေါ်ခင်ခင်အိ က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။