ငြိမ်းစုစီဥပဒေကြမ်းကို ကိုယ်စားလှယ် ၄ ဦး ကန့်ကွက်ဆွေးနွေး
2018.03.05

ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း (ငြိမ်းစုစီ) ဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၅ ဦးက ဒီနေ့ လွှတ်တော်မှာ စတင်ဆွေးနွေးရာ ၄ ဦးက ကန့်ကွက်ခဲ့ပါတယ်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦး က ဒီဥပဒေကြမ်းဟာ ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရည်ရွယ်ချက်တွေနဲ့ မကိုက်ညီဘူးလို့ ကန့်ကွက်ဆွေးနွေးခဲ့တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး က ပြောပါတယ်။
"နိုင်ငံတော်လုံခြုံရေးကို ထိသလား၊ ငြိမ်ဝပ်ပိပြားရေးကို ထိသလား၊ တရားဥပဒေစိုးမိုးရေးကို ထိလား၊ အဲဒီဟာ မှာ တစ်ခုခုငြိတယ်ဆိုရင်တော့ ထောင်ချလိုက်တာပဲ၊ ဒါသည် တကယ်နစ်နာလို့ နစ်နာပါတယ်လို့ ပြောတဲ့လူတွေ အတွက် ဘာမှအဓိပ္ပာယ်မရှိဘူး၊ ပြောမယ်ဆိုရင်တော့ ဥပဒေရဲ့ စံချိန်စံညွှန်းနဲ့လည်း မကိုက်သလို ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့လည်း မကိုက်ဘူး၊ အဲဒီအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရည်ရွယ်ချက်သံဓိဌာန်မှာကို ဒီအာဏာရှင်ဆန်တဲ့ အပြုအမူတွေ ပြည်သူတွေကို ဖိစီးနှိပ်စက်မှုတွေ ဗမာပြည်မြေပေါ်မှာ ဘယ်သောအခါမှ မရှိအောင်လုပ်မယ်လို့ ကျနော်တို့က သံဓိဌာန်ချထားတာ၊ အဲဒီရည်မှန်းချက်တွေနဲ့လည်း ဒီစကားတွေက မကိုက်တဲ့အတွက် ပြင်ဖို့ ကျနော်ကဆွေးနွေးတာပါ"
ပြင်ဆင်ထားတဲ့ ပြဌာန်းချက်တွေဟာ တိတိကျကျမရှိသလို ဥပဒေအင်္ဂါရပ်တွေလည်း မပါဝင်ကြောင်းနဲ့ အာဏာရှင် လက်သုံးတော်အကြိုက် စကားလုံးတွေဖြစ်တယ်လို့ ဦးဌေးဦးက ပြောပါတယ်။
ဒါ့အပြင် အရင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်ဖြစ်ရုံနဲ့ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ပျက်ပြား မယ်ဆိုပြီး ဖမ်းဆီးခံခဲ့ရတာတွေရှိတယ်လို့လည်း ဆိုပါတယ်။
အရေးပေါ်စီမံမှုအက်ဥပဒေ၊ နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးလိုသူများရဲ့ အန္တရာယ်က ကာကွယ်ခြင်းဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူခံရသူတွေရဲ့ နစ်နာမှုတွေကို တရားရုံးက ထည့်မစဉ်းစားခဲ့ဘူးလို့ ပြောပါတယ်။
အဲဒီဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ဖေဖော်ဝါရီလ ၁၉ရက်နေ့က လွှတ်တော်မှာ တင်သွင်းခဲ့တာဖြစ်ပြီး ဒီနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ၃ ဦးနဲ့ ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ် ၂ ဦး စုစုပေါင်း ၅ ဦး ဆွေးနွေးရာမှာ ကိုယ်စားလှယ် ၄ ဦးက ကန့်ကွက်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ အဲဒီဥပဒေကြမ်းကို ကိုယ်စားလှယ် ၁၃ ဦးဆွေးနွေးဖို့ အမည်စာရင်းပေးထားတာဖြစ်ပြီး ကျန်တဲ့ကိုယ်စားလှယ် ၈ ဦးက လွှတ်တော်မှာ ထပ်မံဆွေးနွေးမှာဖြစ်ပါတယ်။
ဥပဒေကြမ်းကော်မတီက တင်သွင်းတဲ့ ဥပဒေကြမ်းမှာ ဆန္ဒပြပွဲ ပြုလုပ်မယ်ဆိုရင် ခန့်မှန်းကုန်ကျစရိတ်နဲ့ ကုန်ကျခံ မယ့်ပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်းကို ဖော်ပြရမယ့် အချက်တွေ ထည့်သွင်းထားပြီး နိုင်ငံတော်လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေး၊ ပြည်သူတွေရဲ့ ကိုယ်ကျင့်တရား ပျက်ပြားစေဖို့အကြံကို သိလျက်နဲ့ ငွေ ဒါမှမဟုတ် ပစ္စည်းကို ပေးပြီး ဆန္ဒဖော်ထုတ်အောင် လှုံ့ဆော်ရင် သွေးဆောင်ဖြားယောင်းရင် သုံးနှစ်ထက်မပိုတဲ့ ထောင်ဒဏ်အပြင် ငွေဒဏ်ပါ ချမှတ်နိုင်တယ်လို့ ပါရှိပါတယ်။
ပြင်ဆင်လိုက်တဲ့ဥပဒေကြမ်းဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်စေတယ်ဆိုပြီး အရပ်ဖက်အဖွဲ့ ၂၀၀ နီးပါးက ဒီနေ့ ရန်ကုန်မြို့မှာ ကန့်ကွက်ဆန္ဒပြကြပါတယ်။