လွတ်လပ်စွာ စုဝေးထုတ်ဖော်ပြောကြားခွင့်ကို မထိပါးအောင် ငြိမ်းစုစီဥပဒေကြမ်းကို ဆွေးနွေးဖို့ mnhrc အကြံပြု


2018.03.20
yulwinaung-mnhrc-622.jpg မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် ကို တွေ့ရစဉ်
Photo: Waimar Tun/ RFA

ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် မှာ ဆွေးနွေးတဲ့အခါ လွတ်လပ်စွာ စုဝေးထုတ်ဖော်ပြောကြားခွင့် မထိပါးစေအောင် အလေးထား ဆောင်ရွက်ဖို့ လိုအပ်ကြောင်း အမျိုးသားလူ့အခွင့်ရေးကော်မရှင်က ဒီနေ့အကြံပြုချက် ထုတ်ပြန်လိုက်ပါတယ်။

လူ့အခွင့်အရေးကော်မရှင်အနေနဲ့ အကြံပြုဖို့လိုအပ်တယ်လို့ ယူဆတဲ့အတွက် အခုလိုထုတ်ပြန်ရတာဖြစ်တယ် လို့ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် က ပြောပါတယ်။

"အန်ကယ်တို့အနေနဲ့ အကြံပြုဖို့လိုအပ်တယ် တာဝန်ရှိတယ်လို့ ယူဆတဲ့အတွက်ကြောင့် ထည့်သွင်း စဉ်းစားသင့်တဲ့အချက်တွေပေါ့နော် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းမှာပါတဲ့ ပြဌာန်းချက်တွေ ရယ်၊ ပြည်သူ့ရေးရာနဲ့ နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် ICCPR ပေါ့၊ အဲမှာ ပါတဲ့ ပြဌာန်းချက်တွေရယ်၊ ဒါလေးတွေကိုတော့ ထည့်သွင်းစဉ်းစာပေးပါလို့ အကြံပြုတဲ့သဘောပါပဲ။"

အဲဒီဥပဒေကြမ်းဟာ ဒီမိုကရေစီစံနှုန်းတွေနဲ့ ကိုက်ညီမှုမရှိဘဲ နိုင်ငံသားတွေရဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို ထိပါးစေတယ်ဆိုပြီး ပြည်သူတွေက ကန့်ကွက်တာတွေကို ထည့်သွင်းစဉ်းစားဖို့ ကော်မရှင်က အကြံံပြုထားပါတယ်။

ပြည်သူ့လွှတ်တော်မှာ အဲဒီဥပဒေကြမ်းကို ဆွေးနွေးတဲ့အခါ ပြည်သူ့ရေးရာနဲ့ နိုင်ငံရေးနဲ့ အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် ICCPR ပါ ပြဌာန်းချက်တွေဖြစ်တဲ့ လူတိုင်းဟာ မိမိထင်မြင်ယူဆချက်တွေကို အနှောင့်အယှက်ကင်းစွာ စွဲကိုင်ခွင့်နဲ့ လွတ်လပ်စွာထုတ်ဖော်ခွင့်ရှိတယ် ဆိုတဲ့အချက်တွေကိုပါ ထည့်သွင်းပြီး စဉ်းစားသင့်တယ်လို့ တိုက်တွန်းထားပါတယ်။

ICCPR မှာ ခွဲခြားဆက်ဆံမှု၊ ရန်လိုမှု၊ အကြမ်းဖက်မှု ဖြစ်စေတဲ့ အမျိုးသားရေး၊ လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုဆိုင်ရာ ဟောပြောလှုံဆော်မှုတွေကို ဥပဒေအရ တားမြစ်နိုင်တယ်ဆိုတဲ့ အချက်ပါရှိတယ်လို့လည်း  လူ့အခွင့်အရေးကော်မရှင်က ထောက်ပြထားပါတယ်။

ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ် အယောက် ၆၀ အပါအဝင် ကိုယ်စားလှယ် ၈၀က ဆွေးနွေးဖို့ အမည်စာရင်းပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။