ငြိမ်းစုစီ ဥပဒေကို ပြန်ရုပ်သိမ်းဖို့ HRW အဖွဲ့ တိုက်တွန်း


2018.03.09
amyothar-parliament-mar7-622.jpg အမျိုးသားလွှတ်တော်အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ မတ်လ ၇ ရက်နေ့က ကျင်းပစဉ်
ဓါတ်ပုံ - အမျိုးသားလွှတ်တော်

ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့က အမျိုးသားလွှတ်တော်က အတည်ပြုခဲ့တဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခြင်း ဆိုင်ရာဥပဒေကို လွှတ်တော်တွင်းမှာ ပြင်ဆင်ရုပ်သိမ်းဖို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကြီး HRW က တိုက်တွန်းလိုက်ပါတယ်။

လူထုရဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဆိုင်ရာအခွင့်အရေးတွေကို ပိုမိုကန့်သတ်ထားတဲ့ အဲဒီဥပဒေကို ပြည်သူ့လွှတ်တော်မှာ လောလောဆယ် ဆွေးနွေးနေပါတယ်။

အခုအတည်ပြုခဲ့တဲ့ဥပဒေဟာ ငြိမ်းချမ်းစွာဆန္ဒပြခွင့်အတွက် နောက်ပြန်ဆွဲသွားတဲ့ခြေလှမ်းတစ်ခုဖြစ်ပြီး အဲဒီ ဥပဒေကို ပြန်ရုပ်သိမ်းသင့်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့် အဖွဲ့ကြီး HRW ရဲ့ အာရှဆိုင်ရာ ဒါရိုက်တာ ဘရက်အဒမ်က ပြောပါတယ်။

အမျိုးသားရေးဝါဒီတွေနဲ့ အမုန်းစကားဖြန့်ဝေသူတွေအတွက် ပြင်ဆင်ထားတဲ့ အဲဒီဥပဒေဟာ နိုင်ငံတွင်းက တခြားပြည်သူတွေအားလုံးရဲ့ အခွင့်အရေးတွေကိုပါ ကန့်သတ်လိုက်တာဖြစ်ပြီး အဲဒါဟာ ပြဿနာကို မှားယွင်းတဲ့နည်းနဲ့ ဖြေရှင်းရာရောက်တယ်လို့ သူက ဆက်ပြောပါတယ်။

အဲဒီဥပဒေကိုအတည်ပြုလိုက်တဲ့အတွက် အာဏာပိုင်တွေအနေနဲ့ စုဝေးဆန္ဒပြတာတွေကို လွယ်လွယ်ကူကူ ထိန်းချုပ်ကန့်သတ်နိုင်သလို ဦးဆောင်သူတွေနဲ့ ပူးပေါင်းပါဝင်သူတွေကိုလည်း အလွယ်တကူ ဖမ်းဆီးနိုင် မှာဖြစ်ပါတယ်။

NLD အစိုးရအာဏာရပြီးနောက်ပိုင်းမှာ တည်ဆဲဥပဒေအရ ငြိမ်းချမ်းစွာ ဆန္ဒပြသူဒါဇင်နဲ့ချီပြီး အဖမ်းခံခဲ့ရပါတယ်။ အဲဒီဥပဒေကြမ်းကို အတည်ပြုလိုက်တာဟာ မှားယွင်းတဲ့လမ်းကို ဦးတည်သွားနေတာဖြစ်တဲ့အတွက် မြန်မာ လွှတ်တော်အနေနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ ကန့်ကွက်မှုတွေကို ထည့်သွင်းစဉ်းစားပြီး ငြိမ်းချမ်းစွာ စုဝေးခွင့်ဥပဒေကို ပြန်လည်ရုပ်သိမ်းဖို့ HRW အဖွဲ့ကြီးက တိုက်တွန်းလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။