ငြိမ်းစုစီကို တပ်မတော်သား ၆၀ ဆွေးနွေးမည်
2018.03.15
အရပ်ဖက်အဖွဲ့အစည်းတွေက ကန့်ကွက်နေကြတဲ့ ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ငြိမ်းစုစီ ဥပဒေကြမ်းကို တပ်မတော်သား ကိုယ်စားလှယ် ၆၀ ဦးအပါအဝင် ကိုယ်စားလှယ်ပေါင်း ၈၀ ခန့်က ဆွေးနွေးမယ်လို့ သိရပါတယ်။
ဝေါမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွေးက ငြိမ်းစုစီဥပဒေကို ဆွေးနွေးမယ့် တပ်မတော်သား ကိုယ်စားလှယ် ၆၀ ဦးရှိကြောင်း သတင်းထောက်တွေကို ပြောပါတယ်။
"ဆွေးနွေးတဲ့သက်တမ်းမှာတော့ ဆွေးနွေးသူက လူ ၈၀ တင်ပြထားတဲ့အတွက် အများဆုံးပါ၊ အဲ ၈၀ ထဲမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က ၆၀ ပါတယ်၊ အရပ်သား ၂၀ ပါပါတယ်၊ အရပ်သား ၂၀ ထဲ မှာလည်း NLD ပါတီရယ်၊ ရခိုင်ပါတီရယ်၊ ပြည်ခိုင်ဖြိုးရယ်ပါတယ်၊ အဲဒီအရပ်သားမှာ ကျနော်တို့ NLD က များပါတယ်"
အမျိုးသားလွှတ်တော်က အတည်ပြုလိုက်တဲ့ အဲဒီငြိမ်းစုစီဥပဒေကို ပြည်သူ့လွှတ်တော်မှာ မကြာခင်ဆွေးနွေးတော့ မှာဖြစ်ပါတယ်။
တပ်မတော်သား ကိုယ်စားလှယ် အရေအတွက် ဒီလောက်ပမာဏ ဝင်ရောက်ဆွေးနွေးတာဟာ ၂၀၁၁ ခုနှစ်က စတင်ခဲ့တဲ့ လွှတ်တော်သက်တမ်းမှာ အများဆုံးဖြစ်ပါတယ်။
အရပ်ဖက်အဖွဲ့အစည်းတွေက ကန့်ကွက်နေတဲ့ အဲဒီငြိမ်းစုစီဥပဒေကြမ်းဟာ နိုင်ငံသားတွေ မူလအခွင့်အရေးကို ဆုံးရှုံးစေတယ်ဆိုပြီး ဝေဖန်မှုတွေရှိသလို အင်န်အယ်လ်ဒီ ကိုယ်စားလှယ်အချို့ကလည်း အမျိုးသားလွှတ်တော်မှာ ကန့်ကွက်ခဲ့ပါတယ်။
ဥပဒေကြမ်းမှာပါတဲ့ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ ပြည်သူတို့ရဲ့ ကိုယ်ကျင့်တရားတို့ကို ပျက်ပြားစေရန် စတဲ့စကားလုံးတွေဟာ ကျယ်ပြန့်လွန်းတယ်ဆိုပြီး ကိုယ်စားလှယ်အများစုက ကန့်ကွက်ကြပါတယ်။
ဒါ့အပြင် ဥပဒေကြမ်းမှာ ဆန္ဒပြပွဲတစ်ခုလုပ်မယ်ဆိုရင် ငွေကြေးကုန်ကျခံမယ်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းနဲ့ ခန့်မှန်းကုန် ကျစရိတ်ကို တင်ပြရမယ်ဆိုတာကိုလည်း ကန့်ကွက်ကြပါတယ်။