Asia Green ကုမ္ပဏီအလုပ်သမားများ လုပ်ခလစာ အပြည့်အဝပြန်လည်ရရှိ
2012.09.22
စက်တင်ဘာ (၁၉) ရက်နေ့ ည RFA ရေဒီယိုသတင်း အစီအစဉ်မှာ သစ်ထုတ်လုပ်ရေးကုမ္ပဏီ လစာမပေးနိုင်လို့ အလုပ်သမားတွေ မကျေနပ်ဆိုတဲ့ သတင်းပါရှိပြီး နောက်တနေ့မှာပဲ လစာငွေ (၂) လစာ မရရှိကြတဲ့ အလုပ်သမား (၂၀) ဦးလုံးကို လစာငွေတွေအပြင် အခြားခံစားခွင့်ရှိတဲ့ စရိတ်တွေအားလုံးကိုပါ ထုတ်ပေးလိုက်တယ်လို့ Asia Green ကုမ္ပဏီရဲ့ တာဝန်ခံမန်နေဂျာ ဦးအောင်ကျော်ငြိမ်းက အခုလို ပြောပြပါတယ်။
"RFA ရဲ့ ညနေပိုင်းသတင်းမှာ Asia Green ကုမ္ပဏီရဲ့ ဝန်ထမ်း ၂၀ ကျော် လစာ ၂ လစာ မရတာနဲ့ ပတ်သက်ပြီးတော့ ၂၀ ရက်နေ့ ညနေက ဝန်ထမ်း ၂၀ ကျော်ကို သူတို့ကို လစာနဲ့ စားစရိတ်ပေါ့နော်၊ အဲဒါကို ကျွန်တော်တို့ အပြည့်အဝ ပေးပြီးပါပြီ"
Asia Green ကုမ္ပဏီ အလုပ်သမားတွေအနေနဲ့ စက်တင်ဘာ (၂၀) ရက်နေ့ကစလို့ လုပ်ခလစာတွေ အပြည့်အ၀ ရရှိပြီဖြစ်ကြောင်း အလုပ်သမား တစ်ဦးကလည်း RFA ကို အတည်ပြု ပြောပါတယ်။
"၁၉ ရက်နေ့မှာ သတင်းလွှင့်တဲ့အချိန်မှာ သူတို့မသိဘူးလေ။ အဲဒီအချိန်မှာ သူတို့က ကြီးကဲတဲ့ လူတွေက ရန်ကုန်သွားပြီးတော့ ငွေရေးကြေးရေးကိစ္စ သွားလုပ်နေတာတဲ့။ ပြန်လာတော့ ၂၀ ရက်နေ့ တန်းပေးပါတယ်။ ငွေရေးကြေးရေး အခက်အခဲကြောင့် နည်းနည်းနောက်ကျနေတာပါလို့ ပြောပြီးတော့ ၂ လစာရော၊ စားစရိတ်ရော အကုန်လုံးပေးပါတယ်။ ဝန်ထမ်းအားလုံး ရပါတယ်"
ပဲခူးတိုင်း၊ မင်းလှမြို့က Asia Green သစ်မာထုတ်လုပ်ရေးကုမ္ပဏီမှာ အလုပ်သမားတစ်ယောက်ကို အနိမ့်ဆုံး ကျပ်နှစ်သောင်းကနေ အများဆုံး ကျပ်တစ်သိန်းခွဲအထိ လစာရရှိကြတယ်လို့လည်း သိရပါတယ်။