ရန်ကုန်လွှတ်တော်အမတ်တွေ ကို အေးရှားဖောင်ဒေးရှင်း သင်တန်းပေး
2016.02.20

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ အစိုးရအဖွဲ့အနေနဲ့ ဘဏ္ဍာငွေစီမံခန့်ခွဲမှု ကောင်းမွန်မှု၊ အုပ်ချုပ်ရေးစနစ် ပွင့်လင်းမြင်သာမှုရှိမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်လာနိုင်မယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
ရန်ကုန်မြို့ တော်ဝင်စင်တာမှာ The Asia Foundation က ဒီကနေ့ ဦးစီးကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပြည်သူ့ဘဏ္ဍာငွေ ဗဟိုချုပ်ကိုင်မှုနဲ့ အုပ်ချုပ်ရေးဗဟိုချုပ်ကိုင်မှုလျှော့ချရေး သင်တန်းမှာ လှည်းကူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
"ကျနော်တို့တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့တဲ့အကြောင်းရင်းဟာ ဘက်ဂျက်ကိုစီမံခန့်ခွဲနိုင်မှု ကောင်းကောင်းမရှိနိုင်ခဲ့လို့ပါ၊ အုပ်ချုပ်ရေးစနစ်မှာ တကယ်ပွင့်လင်းမြင်သာမှု မရှိခဲ့ဘူး၊ ကျနော်တို့ဟာ ဖက်ဒရယ်စနစ်ကိုသွားမယ်၊ တကယ်ကို ပြည်ထောင်စုစနစ်ကို ကြိုးပမ်းကြမယ်ဆိုရင် တိုင်းဒေသကြီးလွှတ်တော်တွေ တိုင်းဒေသကြီးလွှတ်တော်ရဲ့ အောက်မှာရှိနေတယ်ပေါ့နော်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနေတဲ့ နေရာတွေအားလုံးမှာ စနစ်တကျလည်ပတ်နိုင်တဲ့ ဝန်ထမ်းအင်အားတွေ၊ ငွေကြေးစီမံခန့်ခွဲမှုတွေ၊ အုပ်ချုပ်ရေးစနစ်ပုံစံတွေကို စနစ်တကျလုပ်ဖို့ ကျနော်တို့ လိုတယ်ပါတယ်၊ ဒီအခြေအနေတွေအတွက် ကျနော်တို့ ဒီမှာအလုပ်ရုံဆွေးနွေးပွဲတွေက အထောက်အကူ တစ်စုံတရာဖြစ်လိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်၊ ဒီသင်တန်းဟာ ကျနော်တို့ အပြောင်းအလဲအတွက် အရေးကြီးတဲ့ ကိစ္စတစ်ရပ်ဖြစ်ပါတယ်"
ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို အကောင်အထည်ဖော်နိုင်ဖို့ ငွေကြေးစီမံခန့်ခွဲမှုတွေ အုပ်ချုပ်ရေးစနစ် ပုံစံတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေကနေ အစိုးရနဲ့ စနစ်တကျလည်ပတ်နိုင်ဖို့ ဒီသင်တန်းကို ပြုလုပ်တာဖြစ်တယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အရည်အသွေး ပိုမိုမြှင့်တင်နိုင်အောင် စွမ်းရည်မြှင့်သင်တန်းတွေကို The Asia Foundation က ဆက်လက် ပို့ချသွားဦးမယ်လို့ သိရပါတယ်။
ဒီစွမ်းရည်မြှင့် သင်တန်းကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ The Asia Foundation တာဝန်ရှိသူတွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုအောင်သိင်္ခ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။