ဦးညီညီလွင်ကို မန္တလေး အိုးဘိုထောင်မှာ ထိန်းသိမ်းထား
2016.01.20

၂၀၀၇ ရွှေဝါရောင်သံဃာလှုပ်ရှားမှုမှာ အရှင်ဂမ္ဘီရအဖြစ် ထင်ရှားခဲ့တဲ့ ဦးညီညီလွင်ကို နယ်စပ်ဖြတ်ကျော်မှုနဲ့ မန္တလေးမြို့မှာ ဖမ်းဆီးလိုက်ပြီး အိုးဘိုအကျဉ်းထောင်ကို ပို့လိုက်ပါတယ်။
ဦးညီညီလွင်ဟာ ၂၀၁၃ ခုနှစ် သြဂုတ်လအတွင်း ထိုင်းနိုင်ငံမှာ ဆေးကုသဖို့ တရားမဝင်သွားခဲ့တာကြောင့် ဖမ်းဆီးခံရတာဖြစ်ပြီး၊ လက်ရှိမှာ ကျန်းမာရေးမကောင်းဘူးလို့ ဦးညီညီလွင်ရဲ့မိခင် ဒေါ်ရေးက ပြောပါတယ်။
"နယ်စပ်ဖြတ်ကျော်မှုလို့ ပြောတာပဲ၊ ကျန်းမာရေး မကောင်းဘူး၊ ချင်းမိုင်မှာ ၅ နာရီကြာ နှာတံဘယ်ဘက်မှာ လို့ပြောတယ်၊ အတွင်းထဲကခွဲရတာ ချုပ်ရိုးကြောင်းက အရှည်ကြီး၊ အပြင်ကနေ မမြင်ရဘူးလေ၊ အန်တီစိုးရိမ်တာ က ကျန်းမာရေးက နောက်ထပ် ၆ လ ဆေးသောက်ရဦးမယ်"
ဦးညီညီလွင်ကို မဟာအောင်မြေမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးမှူး ဦးသောင်းဒန်က တရားလိုလုပ်တိုင်ကြား တာဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီ ၃ ရက်နေ့မှာ မဟာအောင်မြေမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးမယ်လို့ သိရပါတယ်။
ဦးညီညီလွင်ဟာ လွန်ခဲ့တဲ့ ၂၀၀၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့တဲ့အတွက် ဖမ်းဆီးထောင်ချခံရပြီး ၂၀၁၂ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်မြောက်လာတာဖြစ်ပါတယ်။ ထောင်ကလွတ်မြောက်ပြီး မကြာခင်မှာ လူဝတ်လဲလိုက်ပြီး သြစတြေးလျနိုင်ငံသူနဲ့ အိမ်ထောင်ကျခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို သူ့ရဲ့ဇနီးဖြစ်သူနဲ့ ထိုင်းနိုင်ငံကနေ ပြန်လာတာဖြစ်ပြီး နိုင်ငံကူးလက်မှတ်လုပ်ဖို့ ပြန်လာတာလို့ သိရပါတယ်။