အရှင် ဂမ္ဘီရ ခေါ် ကိုညီညီလွင် လွတ်ပြီ

အကျဉ်းထောင်ကနေ ပြန်လည်လွတ်လာတဲ့ အရှင်ဂမ္ဘီရ ကို ဇူလိုင်လ ၁ ရက်နေ့က တွေ့ရစဉ်
အကျဉ်းထောင်ကနေ ပြန်လည်လွတ်လာတဲ့ အရှင်ဂမ္ဘီရ ကို ဇူလိုင်လ ၁ ရက်နေ့က တွေ့ရစဉ် (Photo: Htet Arkar/RFA)

0:00 / 0:00

၂၀၁၂ ခုနှစ်က အမှုဟောင်း ၃ ခုနဲ့ တရားစွဲဆိုခံထားရတဲ့ အရှင်ဂမ္ဘီရ ခေါ် ကိုညီညီလွင် ကို ဗဟန်းမြို့နယ် တရားရုံးနဲ့ သံလျင်မြို့နယ်တရားရုံးတ့ိုက အမှုအားလုံးရုပ်သိမ်းပြီး ဒီကနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့က အမှုတွေကို ဆက်စွဲဖို့ ဆန္ဒမရှိတော့တာကြောင့် ပြန်လွတ်လာရတာဖြစ်တယ်လို့ အရှင်ဂမ္ဘီရ က ပြောပါတယ်။

"မနေ့ညကသူတို့ ဗဟန်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အစည်းအဝေးပွဲဆုံးဖြတ်ချက်အရ အမှုတွေ ကိုကျေအေးရုပ်သိမ်းကြောင်းဆိုပြီး ပြောပြီးတော့ အမှုတွေကိုရုပ်သိမ်းသွားတယ်၊ အဲ့ဒါပြီးတော့ ၉ နာရီ ၁ဝ မိနစ်မှာ ကျနော့်ကို သန်လျင်တရားရုံးကို ဆက်ခေါ်သွားတယ်၊ သန်လျင်တရားရုံးကို ရောက်တော့လည်းပဲ အဲ့လိုပဲ ရဲတပ်ဖွဲ့က အမှုတွေဆက်ပြီးတော့ မစွဲချင်တဲ့ဆန္ဒရှိတော့ အမှုတွေကိုကျေအေးတယ်၊ အမှုတွေကို ရုပ်သိမ်းတယ်ဆိုပြီးတော့ ဆက်ပြီးတော့ပိတ်သွားပြန်ရော၊ အဲ့လို့ ကျနော်လွတ်လာတာပါ"

ထောင်ကလွတ်လွတ်ခြင်း မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စ ယန်ဟီးလီနဲ့ ရန်ကုန်မြို့ ချယ်ထရီယံဟိုတယ်မှာ တွေ့ဆုံပြီး ကျန်းမာရေးအခြေအနေနဲ့ ထောင်ထဲမှာကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့တယ် လို့ အရှင်ဂမ္ဘီရက ပြောပါတယ်။

လက်ရှိအချိန်မှာ ကျန်းမာရေးစစ်ဆေးမှုတွေနဲ့ ဆေးဝါးကုသတာတွေ လုပ်ဆောင်သွားမှာဖြစ်ပေမယ့်နောက်ပိုင်း မှာတော့ နိုင်ငံရေးပြန်လုပ်သွားမယ်လို့လည်း ပြောပါတယ်။

၂၀၀၇ ရွှေဝါရောင် သံဃာ့အရေးအခင်းမှာ ခေါင်းဆောင်ပါဝင်ခဲ့တဲ့ အရှင်ဂမ္ဘီရ ခေါ် ဦးညီညီလွင် ဟာ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ ပြီးခဲ့တဲ့နှစ် ဧပြီလက မန္တလေးမြို့မှာ တရားစွဲခံရကာထောင် ၆လ ကျခဲ့တာဖြစ်ပါတယ်။

ထောင်က ပြန်လွတ်ခါနီး ၄ ရက်အလိုမှာတော့ ၂၀၁၂ ကအမှုဟောင်းသုံးမှုနဲ့ ဗဟန်းမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ် နဲ့ သံလျင်မြို့နယ်တရားရုံးတွေကတရားပြန်စွဲခဲ့တာဖြစ်ပြီး အခု အမှုအားလုံးကနေ ပြန်လွှတ်ပေးလိုက်တာ လည်းဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်ကအမှုဟောင်း ၃ မှုနဲ့တရားစွဲဆိုခံထားရတဲ့ အရှင်ဂမ္ဘီရ ခေါ် ကိုညီညီလွင်ကို ဗဟန်းမြို့နယ်တရားရုံးနဲ့ သံလျင်မြို့နယ်တရားရုံးတို့က အမှုအားလုံးရုပ်သိမ်းပြီး ဒီကနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

ထောင်ကပြန်လွတ်လာတဲ့ အရှင်ဂမ္ဘီရကို RFA သတင်းထောက် ကိုမျိုးဇော်ကို က တွေ့ဆုံမေးမြန်းထားပါတယ်။