ဦးညီညီလွင် အာမခံလျှောက်ထားမှု တရားရုံး ထပ်မံပယ်ချ
2016.02.23

ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာ အရှင်ဂမ္ဘီရအဖြစ် ထင်ရှားခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးညီညီလွင်ရဲ့ အာမခံလျှောက်ထားမှုကို မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်တရားရုံးက ဒီကနေ့ ထပ်မံပယ်ချလိုက်ပါတယ်။
ဒီနေ့ တရားရုံးစစ်ဆေးမှုမှာ ဒုရဲမှူးတစ်ဦးအပါအဝင် တရားလိုပြသက်သေ ၃ဦးကို စစ်ဆေးပြီး ဦးညီညီလွင် ရဲ့ အာမခံလျှောက်ထားမှုကို ပယ်ချလိုက်တာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် က ပြောပါတယ်။
"ကျနော်တို့က ရဖို့ ရာခိုင်နှုန်းနည်းပါတယ်၊ ဘာလို့လဲဆိုတော့ စွပ်စွဲခံရသူရဲ့နိုင်ငံရေး အရှိန်အဝါကလည်းရှိနေတယ်၊ သြဇာကလည်းကျယ်ပြန့်တယ်၊ သူ့မှာအာဏာ မရှိပေမယ်လို့ သြဇာရှိတဲ့ပုဂ္ဂိုလ်ထဲမှာ သူလည်းပါတယ်၊ အဲ့ဒါကြောင့် အာမခံကတော့ သိပ်ပြီးတော့ မျှော်မှန်းချက် မထားဘူး"
ဦးညီညီလွင်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် အာမခံပေးဖို့ ထပ်မံလျှောက်ထား ခဲ့တယ်လို့လည်း သိရပါတယ်။ ဦးညီညီလွင်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ က တရားမဝင် နယ်ခြားဖြတ်ကျော်မှု ပုဒ်မ ၁၃(၁) နဲ့ ဖမ်းဆီးခံရပြီး အိုးဘိုအကျဉ်းထောင်မှာ ထိန်းသိမ်း ခံထားရပါတယ်။
အရှင်ဂမ္ဘီရ ခေါ် ဦးညီညီလွင်ဟာ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာ ဦးဆောင်ခဲ့တဲ့အတွက် ထောင်ဒဏ်ကျခံခဲ့ရပြီး လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က ပြန်လည်လွတ်မြောက် လာပြီးနောက် လူဝတ်လဲကာ ထိုင်းနိုင်ငံမှာ သွားရောက်နေထိုင်ခဲ့တာ ဖြစ်ပါတယ်။