ဦးညီညီလွင်အမှု အာမခံလျှောက်ထား
2016.02.03

လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ် ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာ အရှင်ဂမ္ဘီရ အဖြစ်ထင်ရှားခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးညီညီလွင်ကို မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် တရားရုံးမှာ တရားမဝင်နယ်ခြားဖြတ်ကျော်မှုနဲ့ ဒီကနေ့ ရုံးထုတ်ရာမှာ အာမခံပေးဖို့ လျှောက်ထားခဲ့ပါတယ်။
ဦးညီညီလွင်အမှုကို တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် အပါအဝင် ရှေ့နေ ၄ ဦးက လိုက်ပါဆောင် ရွက်ပေးမှာဖြစ်ပြီး အာမခံရရှိဖို့ တရားရုံးမှာလျှောက်ထားခဲ့တာကို လာမယ့် ဖေဖော်ဝါရီလ ၁၀ရက်နေ့မှာ ဆုံးဖြတ်ပေး မှာဖြစ်တယ်လို့ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
"အာမခံကို ငြင်းပယ်ခြင်းဟာ ခြွင်းချက်သာဖြစ်ပြီး ပေးခြင်းဟာ ကောင်းမြတ်တဲ့အစဉ်အလာဖြစ်တယ်၊ တရားရုံးတွေအပေါ် ပြည်သူတွေက ပိုပြီးကြည်ညိုလေးစားလာမယ်၊ လွတ်လပ်တဲ့တရားစီရင်ရေးဆိုတဲ့ အနက်အဓိပ္ပာယ်နဲ့ ပြည့်စုံသွားမယ်"
အရှင်ဂမ္ဘီရဟာ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့အတွက် လွန်ခဲ့တဲ့၂၀၁၂ ခုနှစ်ကမှ ထောင်ကပြန်လည် လွတ်မြောက်လာခဲ့ပြီး လူဝတ်လဲကာ သြစတြေးလျသူနဲ့ အိမ်ထောင်ပြုပြီး ပြည်ပမှာ သွားရောက်နေထိုင်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလက ပြည်ပကနေ မန္တလေးမြို့ကို နိုင်ငံကူးလက်မှတ်လျှောက်ထားဖို့ ရောက်ရှိစဉ် တရားမဝင် နယ်ခြားဖြတ်ကျော်မှုနဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။