အရှင်ဂမ္ဘီရ အဖြစ် ထင်ရှားခဲ့တဲ့ ကိုညီညီလွင် မန္တလေးမှာ ဖမ်းဆီးခံရ


2016.01.19
ashin-gambira-620.jpg ၂၀၀၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ အရှင်ဂမ္ဘီရ (ခ) ကိုညီညီလွင် ကို ၂ဝ၁၂ ခုနှစ် မေလ ၂၂ ရက်နေ့က တွေ့ရစဉ်
Photo: U Gambira Facebook

၂၀၀၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာ အရှင်ဂမ္ဘီရ အဖြစ် ထင်ရှားခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုညီညီလွင်ကို မနေ့ညက မန္တလေးမြို့ ပါဝါဟိုတယ်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း သိရပါတယ်။

ကိုညီညီလွင် ဖမ်းဆီးခံခဲ့ရတာ ဟုတ်မှန်ကြောင်း မိသားစုဝင်တစ်ဦးက RFA ကို အခုလိုပြောပါတယ်။

"ဟုတ်တယ်၊ အခုအထိ ကျမတို့လည်းလိုက်တုန်းပဲ၊ ဘာမှကိုမသိရသေးဘူး၊ နှစ်ယောက် စလုံး ခေါ်သွားတာ လို့ပြောတယ်၊ ညက သူ့အမျိုးသမီးကို ပြန်လွှတ်လိုက်ပြီး သူ့ကိုခေါ်ထား လိုက်တယ်လို့ပြောတယ်"

အရှင်ဂမ္ဘီရ ဟာ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့အတွက် အဲဒီ့အချိန် စစ်အစိုးရက ဖမ်းဆီးထောင်ချခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ ထောင်ကနေ ပြန်လွတ်လာခဲ့ပါတယ်။

အဲဒီနောက် ရဟန်းဘဝကနေ လူဝတ်လဲ အိမ်ထောင်ပြုခဲ့ပါတယ်။ ထောင်ထဲမှာရလာခဲ့တဲ့ ကျန်းမာရေး အခြေအနေတွေကိုလည်း ကုသနေရသူဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ကိုညီညီလွင်ဟာ ပြည်ပမှာ သွားရောက်နေထိုင်နေခဲ့ပြီး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိတာ ရက်ပိုင်းပဲရှိသေးတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။