မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် အသစ်ခန့်အပ်
2025.01.20

အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အသစ်အဖြစ် Othman Hashim ကို ခန့်အပ်လိုက်တယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးကပြောကြောင်း ရိုက်တာသတင်းမှာ ဇန်နဝါရီ ၁၉ ရက်နေ့က ဖော်ပြပါတယ်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်း အခုလို ခန့်အပ်လိုက်တာဖြစ်ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန် (Mohamad Hasan) က မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။
Othman ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အာဆီယံရဲ့ ငါးဦးမြောက် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖြစ်လာမှာပါ။
ဒါ့အပြင် Othman ဟာ မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အထွေထွေ အတွင်းရေးမှူးဟောင်းလည်းဖြစ်ပြီး လက်ရှိအခြေအနေအရ Othman အနေနဲ့ မြန်မာနိုင်ငံကို အလည်အပတ်သွားရောက်နိုင်ဖွယ် ရှိမရှိကိုတော့ အတိအကျမသိရသေးပါဘူး။
ပြီးခဲ့တဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ လာအိုနိုင်ငံက ခန့်အပ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အာလွန်ကယ်ကစ်တစ်ခွန် (Alounkeo Kittikhoun) ကတော့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မေလမှာ မြန်မာနိုင်ငံကို သွားရောက်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။