ပလက်ဝမှာ လက်နက်ကြီးကြောင့် အရပ်သား နှစ်ဦး သေဆုံး
2024.01.05
စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေပြင်းထန်နေတဲ့ ချင်းပြည်နယ် တောင်ပိုင်း ပလက်၀မြို့မှာ ဇန်နဝါရီလ ၃ ရက်နေ့က လက်နက်ကြီးကျည်စ ထိမှန်လို့ အရပ်သားနှစ်ဦးသေဆုံးပြီး နောက်ထပ်နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီးကျည်က ပလက်၀မြို့တွင်းထိ ကျရောက်ပေါက်ကွဲတာကြောင့် ရိက္ခာရပ်ကွက်မှာနေထိုင်တဲ့ အသက် ၁၄ နှစ်အရွယ် မောင်ထွန်းကိုလင်း သေဆုံးပြီး သူရဲ့ မိဘနှစ်ဦးလုံးလည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနေ့တစ်ရက်တည်းမှာပဲ ပလက်၀မြို့အရှေ့ဘက် ကုလားတန်မြစ်နားမှာရှိနေတဲ့ အသက် ၃၀ အရွယ် ကိုဝေလွင်ဟာလည်း လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲတွေအတွင်း လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေပြီး ရပ်ရွာတွေထဲထိ လက်နက်ကြီးတွေကျရောက် ပေါက်ကွဲလို့ အရပ်သားတွေသေဆုံးရတာလို့ ပလက်၀မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။
"မြို့ပေါ်ရပ်ကွက်က မိသားစုတစ်ခုလုံးထိတာ၊ ဆေးရုံရောက်မှ ကျောင်းသားလေးက သေတာ။ အခုက သူ့အမေရဲ့ ဒဏ်ရာက စိုးရိမ်ရသေးတယ်။ မြို့အရှေ့ဘက် ကုလားတန်မြစ်နားမှာလည်း လက်နက်ကြီးကျလို့ တစ်ယောက်သေသွားတာ ရှိသေးတယ်။ လက်နက်ကြီးက ဆက်တိုက်ကို ပစ်နေတာ၊ ကြောက်လန့်နေရတယ်"
အခုလက်နက်ကြီးပစ်ခတ်မှုကိုတော့ စစ်ကောင်စီတပ်က လုပ်ခဲ့တာလို့ သူကဆိုပါတယ်။
ဒီကိစ္စနဲပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
လက်ရှိမှာ တိုက်ပွဲတွေကြောင့် ပလက်ဝမြို့ပေါ်က ဒေသခံအားလုံးနီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရသလို ဌာနဆိုင်ရာရုံးတွေလည်း ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
RFA က ပြုစုထားတဲ့စာရင်းအရ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၂၀၂၃ ခုနှစ် တစ်နှစ်အတွင်း အရပ်သား ၈၅၃ ဦး သေဆုံးပြီး ၁၅၁၄ ဦး ဒဏ်ရာရခဲ့ပါတယ်။