မြစ်ကြီးနားမှာ လက်နက်ကြီးကြောင့် ဒေသခံနှစ်ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရ
2024.05.18

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က လေတပ်စခန်းကို မေလ ၁၈ ရက် မနက်အစောပိုင်း KIA နဲ့ ပူးပေါင်းအဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လူနေရပ်ကွက်တွေဘက်ကို လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံနှစ်ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးကျည်ဟာ လေတပ်စခန်းအနားက ပမ္မတီးရပ်ကွက်မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံနှစ်ဦး သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"ပမ္မတီးကျောင်းနဲ့ ဈေးကြားမှာလည်း လက်နက်ကြီးကျပြီး နှစ်ယောက် သေသွားတယ်။ ထိခိုက်ဒဏ်ရာရသူလည်း ရှစ်ယောက်လောက် ရှိတယ်။ အစောကတင် လက်နက်ကြီးကျနေတာဆိုတော့ အိမ်အပြင် မထွက်ရဲကြသေးဘူး"
လက်နက်ကြီးကျည်ဟာ ပမ္မတီးအပြင် ရွှေအိုက်ရပ်ကွက်နဲ့ အထက်မော်ဖောင်း၊ ရှဒေါင်ရွာတို့မှာပါ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံတွေ ထိခိုက်ခဲ့တဲ့အပြင် နေအိမ်အချို့ပါ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လတ်တလော သေဆုံးထိခိုက်သူ စာရင်းအတိအကျကို စုံစမ်းမေးမြန်းဖို့ အခက်အခဲရှိနေသေးတာကြောင့် နောက်ပိုင်း သေဆုံးထိခိုက်သူစာရင်း တိုးလာနိုင်တယ်လို့လည်း ဆိုပါတယ်။
RFA အနေနဲ့လည်း သေဆုံး၊ ဒဏ်ရာရမှုအခြေအနေကို သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။
ဧပြီလ ၁၉ ရက်နေ့ကလည်း မြစ်ကြီးနားလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရပြီးနောက် လေတပ်အနားမှာရှိတဲ့ အောက်မော်ဖောင်းရွာက ဘာသာရေးဆရာသုံးဦးနဲ့ ဒေသခံနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးခဲ့ပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။