ကျောက်ကြီးမှာ လက်နက်ကြီးကြောင့် အရပ်သားနှစ်ဦး သေပြီး ငါးထောင်ကျော် ထွက်ပြေး
2023.07.08

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား နှစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့တဲ့အပြင် ငါးထောင်ကျော်ထွက်ပြေးနေရတယ်လို့ ကရင်အမျိုးသား အစည်းအရုံး (KNU) က ဇူလိုင်လ ၇ ရက်က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဇူလိုင်လ ၁ ရက်ကနေ ဇူလိုင်လ ၅ ရက်အထိ ကျောက်ကြီးမြို့နယ်၊ ရေတွင်းကုန်းကြီး၊ ဥသျှစ်ကုန်း၊ အုန်းပင်စု၊ သပြေကုန်း၊ ဝက်တူး၊ အညာစု၊ ငနွားဆိပ်၊ ငဖယ်အင်းရွာတို့က ဒေသခံ ၄၆၇၂ ဦးနဲ့ လူဦးရေစာရင်း မသိရသေးတဲ့ ရွာပေါင်း ၁၄ ရွာက ဒေသခံတွေ ထွက်ပြေးနေရတာပါ။
စစ်ဘေးဒုက္ခသည်တွေအတွက် လက်ရှိမှာ လုံခြုံတဲ့နေရာမရှိဘူးလို့ ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီ (ကျောက်ကြီးမြို့နယ်) ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
"အခုဆိုရင်တော့ ပြည်သူတွေရဲ့ အခက်အခဲက နေထိုင်ဖို့မရှိဘူး၊ လုံခြုံမှုမရှိဘူး။ စားဖို့ဆိုရင်လည်း စားဝတ်နေရေးအခက်အခဲတွေရှိတယ်။ ပြည်သူတွေရဲ့ အသက်မွေးဝမ်းကြောင်းတွေကိုလည်း စွန့်ပစ်ခဲ့ရတယ်။ သူတို့တွေအတွက် သေချာတဲ့နေရာမရှိဘူး။ KNU က သတ်မှတ်ထားတဲ့ ဘေးကင်းတဲ့နေရာတွေမှာ ခိုလှုံတာမျိုးတော့ ရှိတယ်"
ငါးရက်အတွင်း အရပ်သား ၄၈ ဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီအတောအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) တပ်ဖွဲ့တွေကြားမှာ တိုက်ပွဲကိုးကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၃၂ ဦး သေဆုံးခဲ့သလို ၂၂ ဦး ဒဏ်ရာရတယ်လို့ KNU ဘက်က ဖော်ပြထားပါတယ်။ KNU/KNLA တပ်ဖွဲ့တွေဘက် ကတော့ တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်တယ်လို့ ဆိုပါတယ်။
ဒီသေဆုံးထိခိုက်မှုတွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီတပ်ရဲ့ ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ ပဲခူးတိုင်းစစ်ကောင်စီပြောခွင့်ရသူ ဦးတင်ဦးကို RFA က ဖုန်းနဲ့ဆက်သွယ်ရာမှာ လက်ခံဖြေဆိုတာ မရှိပါဘူး။
ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ (ကျောက်ကြီးမြို့နယ်) ရဲ့ စာရင်းတွေ အရတော့ KNU/KNLA တပ်မဟာ (၃)ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ် ဇွန်လအထိ စစ်ဘေးဒုက္ခသည် ၁၀,၁၈၅ ဦးရှိနေပါတယ်။