ဘီးလင်းမှာ လက်နက်ကြီးကြောင့် သုံးဦးသေဆုံး၊ လေးထောင်ကျော် ထွက်ပြေးနေရ
2024.05.16

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် မေလ ၁၁ ရက်ကနေ ၁၃ ရက်အတွင်း အရပ်သား သုံးဦးသေဆုံးပြီး ဒေသခံလေးထောင်ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ကရင်အမျိုးသား အစည်းအရုံးဗဟို (KNU) က မေလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
လက်နက်ကြီးကြောင့် သေဆုံးသူတွေဟာ အဝန်းကြီးရွာက အသက် ၄၈ နှစ်အရွယ် ဦးဇော်မင်းထွန်း၊ အသက် ၄၆ နှစ်အရွယ် ဒေါ်မြသိန်း၊ ဒေါက်ရပ်ရွာက အသက် ၈၂ နှစ်အရွယ် ဒေါ်ခင်မေတို့ဖြစ်ပါတယ်။ ဒီအပြင် ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်တွေအပါအဝင် အရပ်သား ၁၅ ဦး ဒဏ်ရာရခဲ့ပြီး နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ မြောက်တပ်ရင်း အမတ - ၃၁၄၊ ခြေမြန်တပ်ရင်း ခမရ ၉ နဲ့ ခြေလျင်တပ်ရင်း ခလရ - ၈ တို့က ဘီးလင်းမြို့နယ်ထဲက ရွှေရောင်ပြ၊ ဝီယော်၊ ဒေါက်ရပ်နဲ့ သထုံမြို့နယ်ထဲက ကဒီပု စတဲ့ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ KNU က ပြောပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် ဘီးလင်းမြို့နယ်ထဲက ရွာရှစ်ရွာက ဒေသခံ လေးထောင်ကျော်လည်း နေရပ်စွန့်ခွာထွက်ပြေးနေရပြီး အခုအချိန်ထိ နေရပ်မပြန်နိုင်ကြသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘီးလင်းဒေသခံတစ်ဦးက ပြောပါတယ်။
“ရွှေရောင်ပြဆို ကျေးရွာအုပ်စုတစ်ခုလုံး ထွက်ပြေးတိမ်းရှောင်နေရတာပေါ့နော်။ တောင်ကလေးဘက်တို့ တခြားနေရာတွေ ရွှေ့ပြောင်းကြရတာ။ အခုရက်ပိုင်း လက်နက်ကြီးကလည်း မကြာခဏ ရွာတွေထဲ ကျနေတော့လေ။ တိုက်ပွဲကတော့ ပြင်းပြင်းထန်ဖြစ်တာမရှိဘူး”
ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်သယံဇာတဝန်ကြီး ဒေါက်တာ အောင်မြတ်ကျော်စိန်ကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
RFA က ပြုစုထားတဲ့စာရင်းအရ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီကနေ မတ်အထိ သုံးလအတွင်းမှာ သေဆုံးသူ ၃၉၇ ဦးရှိခဲ့ပြီး ဒဏ်ရာရသူက ၈၈၉ ဦးအထိ ရှိခဲ့ပါတယ်။