နောင်ချို သံဘိုရွာ စစ်ကောင်စီတပ်စခန်းကို TNLA နဲ့ မန္တလေး PDF ပူးပေါင်းသိမ်းပိုက်
2024.01.04

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် သံဘိုရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းကို TNLA နဲ့ မန္တလေးတိုင်း PDF တပ်ဖွဲ့က ဇန်နဝါရီလ ၃ ရက်နေ့က သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းမှူးတစ်ဦးကိုလည်း ဖမ်းဆီးရမိတယ်လို့ မန္တလေးတိုင်း PDF တပ်ဖွဲ့က ဇန်နဝါရီလ ၄ ရက်နေ့ သတင်းထုတ်ပြန်ပါတယ်။
သံဘိုရွာက စစ်ကောင်စီ အခြေစိုက်စခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၃ ရက်နေ့ မနက်ပိုင်းမှာတော့ အပြီးပြတ် သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းမှူးဖြစ်သူကို အရှင်ဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုလည်း များခဲ့တယ်လို့လည်း မန္တလေးတိုင်း PDF ဘက်က ဆိုပါတယ်။
အလားတူ မန္တလေးတိုင်း PDF တပ်ဖွဲ့ဝင်အချို့လည်း ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမယ့် အရေအတွက် အတိအကျကိုတော့ ထုတ်ပြန်တာမရှိပါဘူး။
TNLA ပြောခွင့် ရဒုတိယ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်ကလည်း နောင်ချိုမြို့နယ် သံဘိုရွာအတွင်းက စစ်ကောင်စီတပ်စခန်းတွေကို မန္တလေးတိုင်း PDF တပ်ဖွဲ့နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာမှန်ကန်ကြောင်း အခုလ ၂ ရက်နေ့မှာ RFA ကို ပြောဆိုထားပါတယ်။
သံဘိုရွာက တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း မန္တလေးတိုင်း PDF အနေနဲ့ တောင်သမန်စစ်ဆင်ရေးအဖြစ် ပါဝင်နေတာပါ။
ရှမ်းမြောက်ဒေသနဲ့ မန္တလေးတိုင်းအစပ်က မန္တလေး-နောင်ချို-ဂုတ်တွင်းလမ်းပိုင်းကို TNLA နဲ့ ပူးပေါင်းကာ ဖြတ်တောက်ပိတ်ဆို့ထားပြီး နောင်ချိုမြို့နယ်အတွင်းက ဟိုခို၊ ဆမ္မဆယ်၊ သုံးဆယ်၊ အုမ္မခါး၊ ကျောက်ကြမ်းစတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ မကြာခဏ ဆိုသလို တိုက်ပွဲ တွေဖြစ်နေပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလ နှစ်လကျော်အတွင်း ရှမ်းမြောက်ဒေသ မြို့နယ် ၁၀ မြို့နယ်နဲ့ စစ်ကောင်စီတပ် စခန်းပေါင်း ၂၀၀ ကျော်ကို မြောက်ပိုင်းညီနောင်သုံးဖွဲ့က သိမ်းပိုက်ထားပါတယ်။
ဇန်နဝါရီလ ၄ ရက်နေ့ ဒီနေ့အထိ သိန္နီ၊ ကွတ်ခိုင်မြို့တွေက စစ်ကောင်စီတပ်စခန်းတွေကို မြောက်ပိုင်းညီနောင် သုံးဖွဲ့က ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ပြီး တိုက်ပွဲ ဆက်လက် ပြင်းထန်နေပါတယ်။