လှည်းကူး NLD ရပ်ကျေးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်နှစ်ဦး ဖမ်းဆီးခံရ

2021.08.25
လှည်းကူး NLD ရပ်ကျေးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်နှစ်ဦး ဖမ်းဆီးခံရ ရန်ကုန်တိုင်း လှည်းကူးမြို့အဝင်ကို တွေ့ရစဉ်
Photo: Citizen Journalist

န်ကုန်တိုင်း လှည်းကူးမြို့နယ်၊ ဘားလားကျေးရွာ NLD ရပ်ကျေး ဥက္ကဋ္ဌ ဦးကျော်ဦးနဲ့ အဖွဲ့ဝင် နှစ်ယောက်ကို ဩဂုတ်လ ၂၄ ရက် မနေ့ ညပိုင်းက စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ လှည်းကူးဒေသခံတွေက RFA ကို ပြောပါတယ်။

ဩဂုတ်လ ၂၄ ရက် ည ၈ နာရီဝန်းကျင်မှာ နေအိမ်ကနေ ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်ပြီး ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာကို မသိရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ညက လာခေါ်သွားတာ။ သတင်းအရ ဝင်ရှာတယ်လို့လည်း ပြောတယ်။ ရိုက်တာနှက်တာမျိုး မရှိဘူး။ ကျွန်တော်တို့နဲ့ လိုက်ခဲ့ဖို့လိုတယ်လို့ ပြောတဲ့ပုံစံမျိုးနဲ့ ခေါ်သွားတာ"

သူတို့ သုံးဦးစလုံးကို မနေ့ညက လှည်းကူးမြို့နယ် ရဲစခန်းကို ခေါ်ဆောင်သွားတာလို့ ပြောပါတယ်။

ဒီနေ့ ဩဂုတ်လ ၂၅ ရက် နေ့လယ်ပိုင်းမှာတော့ ရဲစခန်းကနေတစ်ဆင့် စစ်ကြောရေးကို ဆက်လက် ပို့ဆောင်လိုက်တယ်လို့ ကြားသိရပြီး အဆက်အသွယ်မရတော့ဘူးလို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

NLD ရပ်ကျေး ဥက္ကဋ္ဌ ဦးကျော်ဦးနဲ့အတူ ဖမ်းဆီးခံလိုက်ရတဲ့ အဖွဲ့ဝင် နှစ်ယောက်ရဲ့နာမည်ကို မသိရသေးပါဘူး။

ဩဂုတ်လ ၂၄ ရက် မနေ့ ညနေပိုင်းမှာပဲ လှည်းကူးမြို့နယ်၊ တပင်ရွှေထီးလမ်းမှာ ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး ဆေးရုံကို ပို့ဆောင်ခဲ့ရသလို တပင်ရွှေထီးလမ်းမှာ ရပ်ထားတဲ့ စစ်ကားအနီးမှာလည်း ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။

လှည်းကူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ ဒါဟာ သူတို့လက်ချက် ဖြစ်တယ်လို့ သြဂုတ်လ ၂၅ ရက် ဒီနေ့မှာထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။