ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံ မဖွယ်မရာလုပ်ဖြန့်ဝေသူ ပြန်လည်ဖမ်းဆီးခံရ
2015.11.26
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံကို မဖွယ်မရာပြုပြင်ပြီး လူမှုကွန်ရက် စာမျက်နှာမှာ ဖြန့်ဝေခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းထွန်းကို အာမခံပေးထားရာကနေ နိုဝင်ဘာလ ၂၅ ရက် မနေ့က ဖမ်းဆီးလိုက်ပါတယ်။
တရားစွဲဆိုဖို့ အချက်အလက်မပြည့်စုံခဲ့တာကြောင့် ဦးသန်းထွန်းကို နိုဝင်ဘာလ ၂ ရက်နေ့က အာမခံနဲ့ ပြန်လွတ်ပေးခဲ့တာဖြစ်ပြီး၊ လက်ရှိမှာတော့ တရားစွဲဆိုခွင့်ပြုမိန့် ရပြီဖြစ်လို့ ပုသိမ်အကျဉ်းထောင်မှာ ဖမ်ဆီးထိန်းသိမ်းထားတယ်လို့ ကန်ကြီးထောင့်မြို့မ ရဲစခန်းမှူး ဒုရဲမှူး မြင့်လွင်က ပြောပါတယ်။
"ဖမ်းပြီးတော့ တရားစွဲတင်လိုက်ပြီ၊ ပုသိမ်ထောင် ရောက်သွားပြီ၊ အာမခံပေးတယ်ဆိုတာ အဲ့ဒီတုန်းက အမှုတွဲတွေ စုံစုံစေ့စေ့မရသေးလို့ အာမခံပေးရတာ၊ အဲ့ဒါတွေတောင်းထားတာ မရသေးဘူးလေ၊ မရသေးတဲ့အတွက် သူ့ကို ရမန်လည်းစေ့သွားတော့ ကျနော်တို့က သူ့ကိုအာမခံနဲ့လွှတ်ထားတာ၊ အခု ပုသိမ်ထောင်မှာပါ"
ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ တွဲဘက်အတွင်းရေးမှူး ဦးသန်းထွန်းကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး ကန်ကြီးထောင့်မြို့နယ် တရားရုံးက ဒီဇင်ဘာလ ၂ ရက်နေ့ စစ်ဆေးဖို့ ရုံးချိန်းဆို ထားတယ်လို့ သိရပါတယ်။
ကန်ကြီးထောင့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တွဲဘက်အတွင်းရေမှူး ဦးသန်းထွန်းဟာ စက်တင်ဘာလ (၂) ရက်နေ့က သူသူဆိုတဲ့ လူမှုကွန်ရက်ဖေ့စ်ဘွတ် စာမျက်နှာအကောင့်ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေကို မဖွယ်မရာပြုလုပ်ပြီး ဖြန့်ဝေခဲ့တာကြောင့် NLD ပါတီဝင်တစ်ဦးက အမှုဖွင့်ခဲ့တာလည်း ဖြစ်ပါတယ်။