မွန်ပြည်နယ်၊ မုဒုံမှာ ရိုဟင်ဂျာ ၄၀ ဦး ဖမ်းဆီးခံရ

2023.02.20
မွန်ပြည်နယ်၊ မုဒုံမှာ ရိုဟင်ဂျာ ၄၀ ဦး ဖမ်းဆီးခံရ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် မွန်ပြည်နယ်၊ မုဒုံမြိုနယ်၊ ဝဲကလိကျေးရွာအနီးမှာ ဖမ်းဆီးခံရသည့် ရိုဟင်ဂျာများကို တွေ့ရစဉ်။
Citizen Journalist

မွန်ပြည်နယ်၊ မုဒုံမြိုနယ်၊ ဝဲကလိကျေးရွာမှာ ဖေဖော်ဝါရီလ ၁၉ ရက်က ရိုဟင်ဂျာ ၄၀ ဦးကို စစ်ကောင်စီတပ်က ဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၉ ရက် မနက် ၁၁ နာရီဝန်းကျင်က ဝဲကလိရွာအနီးမှာ ရိုဟင်ဂျာတွေ ဖမ်းဆီးခံလိုက်ရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဟုတ်တယ် ဖမ်းခံရတယ်။ ဝဲကလိဆိုတာ မုဒုံမြို့နယ်ပေါ့။ ရွာချင်းနှစ်ရွာဆက် ဝဲကလိရွာနဲ့ ကမာအုပ်ရွာဘက်ပေါ့"

စစ်ကောင်စီအတွက် ဝါဒဖြန့်ချိနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာလည်း ရိုဟင်ဂျာ အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၁၂ ဦး၊ ကလေး သုံးဦးတို့ အပါအဝင် ၄၀ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ရေးသားနေပါတယ်။

စစ်ကောင်စီဘက်က ဒီကိစ္စကို သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောခွင့်ရသူ ဦးတိုးဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

ရိုဟင်ဂျာတွေကို ဝဲကလိရွာအရှေ့ဘက် ခုနစ်မိုင်အကွာက ကမာဝက်နယ်မြေရဲစခန်းကို ပို့ဆောင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA က သီးသန့်ပြုစုထားတဲ့စာရင်းတွေအရ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကနေ နေရပ်စွန့်ခွာ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ နှစ်ထောင်နီးပါး ဖမ်းဆီးခံထားရပြီး အဲဒီအထဲက ၄၇၈ ဦးက လဝက ဥပဒေတွေနဲ့ ထောင် နှစ်နှစ်ကနေ ငါးနှစ်အထိ အသီးသီး အမိန့်ချခံထားကြရ ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။