အလုပ်သမားအရေး ကူညီသူ နောက်တစ်ဦး ဖမ်းဆီးခံရပြန်
2015.02.25

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်က စုပေါင်းအလုပ် သမားသပိတ်ကို ကူညီနေတဲ့ ကိုနိုင်ဇော် ကို အရပ်ဝတ်လူတစ်စုက မနေ့နေ့လယ်ပိုင်းက ဖမ်းဆီးဖေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
သူ့ကို လှိုင်သာယာမြို့နယ်က အိမ်တစ်အိမ် မှာဖမ်းသွားပြီး၊ ဒီကိစ္စကို ရဲတပ်ဖွဲ့ကလည်း မသိဘူးလို့ ငြင်းဆိုနေကြောင်း၊ အကိုဖြစ်သူ ကိုသူဇော်က RFA ကို ပြောပါတယ်။
"ကျနော့်ညီ နိုင်ဇော်ကို လှိုင်သာယာမှာ ဖမ်းသွားတယ်ခင်ဗျ၊ အရပ်ဝတ်အယောက် ၂ဝ လောက်ရှိတယ်၊ သူ့သူငယ်ချင်းအိမ်မှာ ကွန်ပြူတာနဲ့ စာသွားရိုက်တဲ့အချိန်မှာ ဝင်ဖမ်းသွားတာ၊ လောလောဆယ် ကျနော်တို့မိသားစုတွေက ရန်ကုန်မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ရုံးကို မေးတဲ့အခါမှာ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ရုံးက သူတို့မသိပါဘူးလို့ပြောနေတယ်"
ပြီးခဲ့တဲ့သီတင်းပတ်က အဖမ်းခံခဲ့ရတဲ့ အလုပ်သမားခေါင်းဆောင် ကိုမျိုးမင်းမင်းနဲ့ ကိုနိုင်ဌေးလွင်တို့ကို ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲထားပြီး၊ အင်းစိန်ထောင်မှာပို့ထားသလို၊ ကိုနောင်နောင်နဲ့ ကိုဂျောက်ဂျက် တို့ကိုတော့ စစ်ကြောရေးဝင်ပြီး ပြန်လွှတ်လိုက်တယ်လို့ဆိုပါတယ်။
အခုချိန်မှာတော့ Ford Glory နဲ့ Costec စက်ရုံအလုပ်သမားတွေက E Land Myanmar စက်ရုံ အလုပ်သမားတွေနဲ့ပူးပေါင်းပြီး၊ အဲဒီစက်ရုံဘေးမှာပဲ သပိတ်စခန်းဆက်ဖွင့်ထားပါတယ်။
အစိုးရကလည်း အလုပ်သမားတွေကို အရေးယူမယ်လို့ ကြေညာထားပါတယ်။
အလုပ်သမားတွေက လက်ရှိရနေတဲ့လစာနဲ့ စားဝတ်နေရေး မလုံလောက်တဲ့အတွက် အခြေခံလစာ တစ်လကို ၃ သောင်းကျပ်တိုးပေးဖို့ သပိတ်မှောက်တောင်းဆိုနေတာဖြစ်ပါတယ်။
ရွှေပြည်သာ စုပေါင်းအလုပ်သမားသပိတ်ကိစ္စနဲ့ ပတ်သက်လို့ သပိတ်ကော်မတီဝင် ကိုသူဇော်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။