ချင်းမိုင်မှာ အထောက်အထားမဲ့ မြန်မာ ၂၇ ဦး ဖမ်းဆီးခံရ
2024.05.14

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အထောက်အထားမဲ့နေထိုင်တဲ့ မြန်မာနိုင်ငံသား ၂၇ ဦးကို မေလ ၁၃ ရက်မှာ ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက မနေ့က ထုတ်ပြန်ပါတယ်။
ချင်းမိုင်ခရိုင် ချန်ကလန်ခရိုင်ခွဲက နိုင်ငံခြားသားအလုပ်သမားတွေ အနေများတဲ့ ခြောက်နေရာကို ဒေသခံ အာဏာပိုင်အဖွဲ့တွေ ဝင်စစ်တဲ့အချိန်မှာ တရားဝင်နေထိုင်ခွင့်ပြုချက် မရှိတာတွေ့တဲ့အတွက် ဖမ်းဆီးလိုက်တာလို့ ဖော်ပြထားပါတယ်။
အဖမ်းခံရတဲ့သူတွေနဲ့ပတ်သက်လို့ RFA က ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးကို တယ်လီဖုန်းဆက်ခဲ့ပေမဲ့ ဆက်သွယ်လို့မရသေးပါဘူး။
ထိုင်းနိုင်ငံမှာရောက်နေတဲ့ နိုင်ငံခြားသားတွေအနေနဲ့ တရားမဝင်အလုပ်တွေ၊ ရာဇဝတ်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေလားဆိုတာနဲ့ပတ်သက်လို့ နှိမ်နင်းဖို့အတွက် စုံစမ်းရှာဖွေဖော်ထုတ်နေတာလို့လည်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ဖေ့စ်ဘွတ်ခ်မှာ ရေးထားပါတယ်။