ဝိုင်းမော်မှာ တစ်ရှူးးငှက်ပျောစိုက်တဲ့ တရုတ်နိုင်ငံသားငါးဦးကို ဖမ်းဆီး
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အောင်မြေ (၂) ကျေးရွာမှာ တစ်ရှူးငှက်ပျောစိုက်ပျိုးဖို့ ပြင်ဆင်နေတဲ့ ဂျိန်းဖေါ့နဒီ ကုမ္ပဏီ မန်နေဂျာ အပါအဝင် တရုတ်နိုင်ငံသား ငါးဦးကို သစ်တောကြိုးဝိုင်းအတွင်း ဝင်ရောက်နေထိုင်မှုနဲ့ ဝိုင်းမော်မြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
လက်ရှိမှာတော့ ကုမ္ပဏီမန်နေဂျာကို ကျန်းမာရေး အခြေအနေအရ အာမခံနဲ့ပြန်လွှတ်ပေးထားပြီး ကျန်တဲ့ တရုတ်နိုင်ငံသားတွေကိုတော့ ဝိုင်းမော်အချုပ်ခန်းထဲမှာ ဖမ်းဆီးထားဆဲဖြစ်တယ်လို့ အောင်မြေ (၂) အုပ်ချုပ်ရေးမှူး ဦးဇော်ဘောက်က RFA ကို ပြောပါတယ်။
အောင်မြေ (၂) ကျေးရွာမှာ နောက်ထပ် စိုက်ပျိုးဧက အသစ်ဖော်ထုတ်ရာမှာ သစ်တောကြိုးဝိုင်းထဲက နေရာတွေပါဝင်တယ်ဆိုပြီး ကုမ္ပဏီ မန်နေဂျာအပါအဝင် တရုတ်နိုင်ငံသား ငါးဦးကို ဝိုင်းမော်မြို့နယ် သစ်တောဦးစီးဌာနက အမှုဖွင့်ထားတာလို့ သိရပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်နဲ့ ဗန်းမော်ခရိုင်မှာ တစ်ရှူးငှက်ပျောစိုက်ပျိုး ဧက တစ်သိန်းကျော်ရှိနေတယ်လို့ မြေယာလုံခြုံမှုနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကွန်ယက်အဖွဲ့ သုတေသနအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဂျိန်းဖေါ့နဒီ ကုမ္ပဏီဟာ ဝိုင်းမော်မြို့နယ် အောင်မြေ ကျေးရွာ ၁၊ ၂ အတွင်းက မြေဧက ၃၀၀ မှာ တစ်ရှူးငှက်ပျောစိုက်ပျိုးရေး လုပ်ကိုင်နေတာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့တာပါ။