တစ်ရှူးငှက်ပျော လုပ်ကိုင်နေတဲ့ နောက်ထပ်တရုတ်လေးဦးကို ဖမ်းဆီး
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရားမဝင် တစ်သျူးငှက်ပျောလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား လေးဦးကို လဝကဥပဒေ၊ သစ်တောဥပဒေ ၄၀ (က) နဲ့ မေလ ၂၅ ရက်နေ့က ဝိုင်းမော်မြို့နယ် ရဲစခန်းမှာ ဖမ်းဆီးအရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ ဒါဟာ နှစ်ပတ်အတွင်း ဒုတိယ အကြိမ်မြောက် ဖမ်းဆီးခြင်းဖြစ်ပြီး တစ်သျူးငှက်ပျော လုပ်ငန်းဖြင့် ဖမ်းဆီးခံရသူ တရုတ်နိုင်ငံသား ကိုးဦး ရှိသွားပြီ ဖြစ်ပါတယ်။
ဝိုင်းမော်မြို့နယ် နန့်ဝါကြိုးဝိုင်းထဲမှာ နန့်ဝါ မျိုးဆက်ကြယ်ပွင့် ကုမ္ပဏီက တရုတ်နိုင်ငံသား နှစ်ဦးနဲ့ ဝါရှောင်ကြိုးပြင်တောမှာ မလိခနဂါးကုမ္ပဏီက တရုတ်နိုင်ငံသား နှစ်ဦးကို သစ်တောဦးစီးဌာနနဲ့ လဝက တာဝန်ရှိသူတွေက ရှောင်တခင်စစ်ဆေးရာမှာ ကျူးကျော်ဝင်ရောက်နေတာကို တွေ့ရှိပြီး ဖမ်းဆီးအရေးယူဆောင်ရွက်ထားတာဖြစ်တယ်လို့ ဝိုင်မော်မြို့နယ် စခန်းမှူး ဒုရဲမှူး ကျော်စိုးက RFA ကို ပြောပါတယ်။
အရေးယူဆောင်ရွက်မှုနဲ့ပတ်သက်ပြီး လက်ရှိမှာတော့ သက်သေ၊ အထောက်အထားတွေကို စစ်နေဆဲသာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့မှာလည်း ဝိုင်းမော်မြို့နယ် အောင်မြေ ၂ ကျေးရွာမှာ တစ်ရှူးငှက်ပျောစိုက်ဖို့ မြေဧကအသစ် ပြန်လည်ဖော်ထုတ်လာတဲ့ ဂျိန်းဖေါ့နဒီ ကုမ္မဏီ မန်နေဂျာအပါအဝင် တရုတ်နိုင်ငံသား ငါးဦးကို ဝိုင်းမော်မြို့နယ် သစ်တောဦးစီးဌာနက မှုဖွင့်ထားပါတယ်။
လက်ရှိမှာတော့ ကုမ္ပဏီမန်နေဂျာကို အာမခံနဲ့ ပြန်လွှတ်ပေးထားကြောင်း ကျန် တရုတ်နိုင်ငံသားတွေကိုတော့ ဝိုင်းမော်အချုပ်ခန်းထဲမှာ ဖမ်းဆီးထားပြီး ဥပဒေအရ ဆောင်ရွက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့တာပါ။