သာယာဝတီခရိုင်မှာ အရပ်သားတွေ စစ်မှုထမ်းဖို့ ဖမ်းဆီးခံနေရ

RFA Burmese
2024.08.27
သာယာဝတီခရိုင်မှာ အရပ်သားတွေ စစ်မှုထမ်းဖို့ ဖမ်းဆီးခံနေရ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်း နယ်စပ် မီးနင်းချောင်းဂိတ်ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်း တွေ့ရစဉ်။
Citizen Photo

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်က မြို့နယ်တွေမှာ စစ်မှုထမ်းဖို့ အရပ်သားတွေ ဆက်တိုက်ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက RFA ကို ပြောပါတယ်။

သာယာဝတီခရိုင်က မြို့နယ်တွေဖြစ်တဲ့ လက်ပံတန်း၊ မင်းလှ၊ သာယာဝတီ၊ သုံးဆယ်၊ မိုးညို စတဲ့ မြို့နယ်ရှစ်ခုမှာ တစ်မြို့နယ်ကို အနည်းဆုံး လူတစ်ရာခန့် အဖမ်းခံရတယ်လို့ ဆိုပါတယ်။

လက်ပံတန်းမြို့နယ်မှာ ဩဂုတ်လ ၁၅ ရက်နေ့ နောက်ပိုင်းကစလို့ ဖမ်းဆီးမှု အခြေအနေ ဆိုးရွားလာပြီး ကွမ်းခြံရွာအနီးက စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာ လူနှစ်ဆယ်ခန့် အဖမ်းခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအပြင် လက်ပံတန်းမြို့ အဝင်အထွက် နေရာတွေမှာလည်း ဩဂုတ်လ ၁၈ ရက်နဲ့ ၁၉ ရက် နှစ်ရက်အတွင်း လူလေးဆယ်ခန့် ဖမ်းဆီးခံလိုက်ရတယ်လို့ ဆိုပါတယ်။

လက်ပံတန်းမြို့နယ်က ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို မြို့နယ်စစ်ကောင်စီက လူငါးဆယ်ရအောင် စုပေးဖို့ ညွှန်ကြားမှုရှိနေပြီး ဒါကြောင့် ဖမ်းဆီးတာဖြစ်တယ်လို့ လက်ပံတန်း ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"အခု အတင်းအဓမ္မ တောင်းတဲ့အခါကျတော့ မပေးနိုင်ဘူး။ သူတို့ မပေးနိုင်တော့ လိုအပ်တဲ့လူဦးရေကို လမ်းမပေါ်မှာ တွေ့ရင်တွေ့သလို ရွာလယ်လမ်းမတွေ ရွာထိပ်တွေ စောင့်ပြီးတော့ အလုပ်သွား အလုပ်ပြန် ကလေးတွေကို အဓမ္မ ဆွဲဖမ်းတယ်"

ဖမ်းဆီးခံရသူတွေကို စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း ခလရ (၃၅) ကို ခေါ်သွားတယ်လို့ ဆိုပါတယ်။

ဩဂုတ်လ ၂၀ ရက်ကလည်း သာယာဝတီမြို့နယ် သရက်ကုန်းစာဖြူစုရွာက အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါတဲ့ ဆရာမတစ်ဦးရဲ့ မောင်ဖြစ်သူကို အဲဒီရွာက ပြည်သူ့စစ်နဲ့ ပျူစောထီးအဖွဲ့က စစ်မှုထမ်းဖို့ ဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအပြင် သာယာဝတီခရိုင်ထဲမှာ စစ်မှုထမ်းဖို့ စစ်တပ်ထောက်ခံသူတွေကိုပါ ဖမ်းဆီးနေတယ်လို့ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုလူအေးက RFA ကို ပြောပါတယ်။

"အခုက စစ်တပ်ထောက်ခံသူရော၊ ကြံ့ခိုင်ရေးရော အကုန်ဆွဲတာ။ ငါက ကြံ့ခိုင်ရေးပါ၊ တပ်ထောက်ခံသူပါ မရတော့ဘူး။ စစ်တပ်ထောက်ခံသူတွေပါ ပြေးနေကြတယ်။ တချို့လည်း ပါသွားကြတော့ အခုကြောက်လန့်နေကြပြီ"

ဩဂုတ်လ တစ်လအတွင်း သာယာဝတီခရိုင်က ဒေသခံ ရှစ်ရာခန့် ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြောပေမဲ့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူ။

ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီကတော့ စစ်မှုထမ်းဖို့အတွက် ဆန္ဒအလျောက် ဝင်ခွင့်ပြုထားပြီး အတင်းအကျပ် စစ်မှုထမ်းခိုင်းတာတွေ မလုပ်ဘူးလို့ ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။