ကာလုံအစည်းအဝေး ခေါ်ဖို့ တပ်က လေသံပစ်


2019.09.28
army-press-sep28-622.jpg တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီ (ဝဲ)နဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း တို့ကို ၂၀၁၉၊ စက်တင်ဘာ ၂၈ ရက်နေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်
ဓါတ်ပုံ - သက်စုအောင်/ RFA

နိုင်ငံ့ထိပ်ပိုင်းခေါင်းဆောင်တွေပါဝင်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူကျင်းပတာဟာ စစ်ဖြစ်တော့မှ လုပ်ရမယ့် ကိစ္စမျိုးမဟုတ်ဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီ က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ် ထွန်းထွန်းညီက ကာလုံ ခေါ်ယူရေးနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဖြေကြားသွားတာပါ။

ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး ကျင်းပဖို့ နိုင်ငံတကာ အခြေအနေ၊ ပြည်တွင်းလုံခြုံရေးနဲ့ ပတ်သက်တဲ့ အခြေအနေတွေရှိပြီး လုံခြုံရေးနဲ့ ပတ်သက်ရင် အထက်က အောက်ကို Top Down ဆုံးဖြတ်ရမယ့် ကိစ္စတွေရှိတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေး ၊ တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေး စတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး တစ်ဦးတစ်ယောက်တစ်ဖွဲ့တည်းရဲ့ ဆုံးဖြတ်ချက်နဲ့ မဟုတ်ဘဲ အားလုံး ညှိနှိုင်းတိုင်ပင်ပြီး ဆောင်ရွက်ရမယ်လို့  ဗိုလ်ချုပ် ထွန်းထွန်းညီ က ပြောပါတယ်။

ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီမှာ နိုင်ငံတော် သမ္မတ ၊ ဒုသမ္မတ နှစ်ဦး၊ လွှတ်တော် ဥက္ကဋ္ဌတွေ၊ နိုင်ငံခြားရေး ဝန်ကြီး ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် စတဲ့ သူတွေပါဝင်ပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ သမ္မတ တာဝန်ယူဖို့ မျှော်မှန်းထားပါသလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့ ဒီကိစ္စဟာ သူရဲ့ ပုဂ္ဂလိက ဆုံးဖြတ်ပိုင်ခွင့်ပဲဖြစ်ပြီး စောင့်ကြည့်ရမှာဖြစ်တယ်လို့ ပြောပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရာထူးတာဝန်က အနားယူရင်တော့ နိုင်ငံ့တာဝန်ကို တစ်နေရာမဟုတ် တစ်နေရာမှာ ထမ်းဆောင်နိုင်ပါတယ်လို့ ဗိုလ်ချုပ် ထွန်းထွန်းညီ က ပြောပါတယ်။

စစ်တိုင်း ငါးခု မှာ အပစ်ရပ်သက်တမ်းတိုးထားတဲ့ ကာလဟာ စက်တင်ဘာလ ၂၁ ရက်နေ့မှာ ကုန်ဆုံးခဲ့ပြီဖြစ်ပြီး လက်ရှိမှာ သက်တမ်းထပ်တိုးဖို့ အစီအစဉ်မရှိဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

၉ လကြာ အပစ်ရပ်ကာလသတ်မှတ်ထားပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တချို့ဘက်က အပြုသဘော လုပ်ဆောင်ချက်တွေ မတွေ့ရဘူး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာလည်း ရေရာတဲ့ ဆုံးဖြတ်ချက်တွေ မချနိုင်ခဲ့ဘူးလို့ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မကြာသေးမီက အစ္စလာမ်နဲ့ ခရစ်ယာန် ဘာသာရေးခေါင်းဆောင်တချို့နဲ့ တွေဆုံတာ၊ လှူဒါန်းမှုတွေ လုပ်တာဟာ နိုင်ငံ စည်းလုံးညီညွတ်ရေး နဲ့ တိုင်းပြည်ရဲ့ အကျိုးစီးပွားအတွက်ဖြစ်ပြီး တခြားရည်ရွယ်ချက်တွေမရှိဘူးလို့ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောပါတယ်။

(RFA သတင်းထောက် ကိုသီဟထွန်းနဲ့ မသက်စုအောင်တို့ ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။