တပ်ခေါင်းဆောင်လေးဦးကို အရေးယူတာ ပြည်တွင်းရေးစွက်ဖက်တာလို့ပြော
2019.07.23

ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာ့တပ်မတော် ခေါင်းဆောင် လေးဦးနဲ့ သူတို့ရဲ့မိသားစုဝင်တွေကို အမေရိကန်အစိုးရက ပစ်မှတ်ထား ပိတ်ဆို့အရေးယူတာဟာ နိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးကို အနိုင်ကျင့် စွက်ဖက်တာဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောလိုက်ပါတယ်။
နေပြည်တော် တပ်မတော်စစ်သမိုင်းပြတိုက်မှာ ဒီကနေ့ ပြုလုပ်တဲ့ လစဉ်ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ အဲဒီလိုပြောလိုက်တာပါ။
တပ်မတော်ခေါင်းဆောင်တွေဟာ နိုင်ငံတော်ရဲ့အစိတ်အပိုင်း ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေဖြစ်တာကြောင့် အခုလို အရေးယူပိတ်ဆို့တာဟာ နိုင်ငံတော်အစိုးရနဲ့ နိုင်ငံတော် အချုပ်အခြာအာဏာကို အနိုင်ကျင့်ဖိနှိပ်စွက်ဖက်တာဖြစ် တယ်လို့ ဗိုလ်ချုပ် ထွန်းထွန်းညီ က ပြောတာပါ။
အဲဒီနောက် တစ်နိုင်ငံလုံးက တိုက်ပွဲတွေအကြောင်း ဆက်လက်ပြောကြားရာမှာတော့ ဇွန်လ ၂၆ ရက်ကနေ ၂၁ ရက်နေ့အထိ တစ်လနီးပါးကာလအတွင်း NCA လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အများစုရှိရာ အရှေ့မြောက်ဒေသမှာ တိုက်ပွဲတွေ အများဆုံးဖြစ်ခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကပြောပါတယ်။
နိုင်ငံအနောက်ဘက်ခြမ်းမှာ AA ရခိုင့်တပ်တော်နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်လို့ နှစ်ဘက်အပစ်ရပ် သဘောတူလက်မှတ်ရေးထိုးဖို့ ဖြစ်နိုင်မလားဆိုတဲ့ RFA ရဲ့ မေးမြန်းမှုကိုတော့ ဒီအချက်က AA အပေါ်မှာသာ မူတည်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှုး ဗိုလ်မှုးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
ဒါ့အပြင် ရခိုင်ဒေသငြိမ်းချမ်းဖို့ဆိုရင် ရခိုင်ပြည်နယ်က နိုင်ငံရေးသမားတွေအနေနဲ့ စိုးရိမ်နေရုံနဲ့မပြီးဘဲ ကိုယ်တိုင် ဝိုင်းဝန်းလုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်း ဗိုလ်မှုးချုပ် ဇော်မင်းထွန်း က ဆိုပါတယ်။
နောက်ဆုံးမှာတော့ ဖွဲ့စည်းပွဲပြင်ဆင်ရေးပူးပေါင်းကော်မတီက တင်သွင်းတဲ့အစီရင်ခံစာပါ အချက်ပေါင်း ၃၇၀၀ ကျော်ကို ဆွေးနွေးဖို့အတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အမည်စာရင်းကို တင်သွင်းထားပြီး လွှတ်တော်လမ်းကြောင်းနဲ့ပဲ ဆွေးနွေးသွားမယ်လို့လည်း ဗိုလ်ချုပ် ထွန်းထွန်းညီ က ရှင်းပြသွားပါတယ်။
နိုင်ငံအနောက်ခြမ်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း တပ်မတော်ဘက်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက ထောက်ပြစွပ်စွဲနေတဲ့အပေါ်မှာလည်း လုပ်ထုံးလုပ်နည်း နည်းဥပဒေနဲ့ အညီ စုံစမ်းဖော်ထုတ်ပြီး အရေးယူနေတယ်လို့ တပ်မတော်က ဆိုပါတယ်။
(RFA သတင်းထောက် ကိုဝင်းကိုကိုလတ်နဲ့ ကိုသီဟထွန်း တို့ ပေးပို့သည်)