RCSS/SSA တောင်ပိုင်း စခန်း ၂ ခုကို အစိုးရတပ်က ရွှေ့ခိုင်း


2013.02.28

RCSS/SSA တောင်ပိုင်းအဖွဲ့က စခန်း ၂ခုကို ဒီနေ့ နောက်ဆုံးထားပြီး ဖယ်ပေးဖို့ အစိုးရတပ်က အကြောင်းကြားထားပြီး  ဒါဟာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေနဲ့ မကိုက်ညီဘူးလို့  SSA တောင်ပိုင်းအဖွဲ့က ပြောဆိုလိုက်ပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းအဖွဲ့ တပ်စခန်းချရာ ဟိုမန်းမြို့နယ်နဲ့ မိုင်းထားမြို့နယ်အတွင်းရှိ  စခန်းနှစ်ခုကို ဒီနေ့ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး ဒေသခံစစ်တိုင်းဗျူဟာမှူးတွေက ရွှေ့ခိုင်းတာဖြစ်တယ်လို့ SSA တောင်ပိုင်းအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်စိုင်းက RFA ကို ပြောပါတယ်။

"သူတို့က အဲဒီမှာရှိနေတဲ့ ကျနော်တို့တပ်ကို အကြောင်းကြားလာတာပါ၊ အခုနေထိုင်နေတဲ့ တောင်ကုန်း ၂ခုပေါ့ဗျာ၊ တခုကတော့ ဟိုမိန်းမြို့နယ်ခွဲထဲမှာရှိတယ်၊ နောက်တောင်ကုန်းတခုကတော့ မိန်းထား(မိုင်းထား)မြို့နယ်ခွဲထဲမှာ ရှိတယ်။ ဒီလကုန်နောက်ဆုံးထားပြီးတော့ ရွှေပေးပါလို့ အကြောင်းကြားလာပါတယ်၊ ဟိုမိန်းဗျူဟာမှူးကတော့ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံဖြစ်ပါတယ်၊ နောက်ပြီးတော့ မိန်းတော မိန်းထားမှာရှိနေတဲ့ တြိဂံတိုင်း စစ်ဌာနချုပ် လက်အောက်ခံဖြစ်ပါတယ်၊ သူတို့ပြောတဲ့အတိုင်း မဖယ်ပါဘူး၊ ကျနော်တို့ အရင်တုန်းကလဲ သွားသွားလာလာ နေထိုင်နေတဲ့နေရာဖြစ်ပါတယ်၊ ဒီနေရာဖယ်ပေးလိုက်ရင် နောက်ထပ်တနေရာ ဖယ်ခိုင်းအုံးမှာပဲ"

ဟိုမိန်းမြို့နယ်ခွဲအတွင်း  လွယ်လန်းတောင်ကုန်းရှိ စခန်းတခုနဲ့ မိုင်းထာမြို့နယ်ခွဲအတွင်း လွယ်မွတ် နမ့်လန်တောင်ကြောရှိ တပ်စခန်းတွေကို ဒီလ ၂၄ ရက်နေ့မှာ စာနဲ့အကြောင်းကြားလာတာဖြစ်တယ်လို့ သိရပါတယ်။

အခုလို့တပ်စခန်းတွေဖယ်ခိုင်းတာ၊ တိုက်ပွဲတွေ ပြန်ဖြစ်တာတွေကြောင့် ငြိမ်းချမ်းရေးအရ ဆွေးနွေးနေတဲ့ အစိုးရအဖွဲ့ကတမျိုး၊ စစ်တပ်ကတမျိုး  လုပ်ဆောင်တာနေတာ တွေ့နေရပြီး  SSA တောင်ပိုင်းအဖွဲ့အနေနဲ့ အစိုးရနဲ့ ဆက်ဆံရတာ အခက်အခဲဖြစ်နေတယ်လို့လည်း ဗိုလ်မှူး စိုင်းလောင်စိုင်းက ပြောပါတယ်။

ဒါ့အပြင် အခုလို  တပ်စခန်းတွေ ရွှေ့ခိုင်းတာနဲ့ ပတ်သက်ပြီး သူက

"ကျနော်တို့ သဘောတူညီချက်ထဲမှာ တောထဲမှာရောက်တဲ့နေရာမှာ ရပ်နေမယ်၊ အဲဒီနေရာမှာပဲ နေထိုင်ကြမယ်၊ မြို့ထဲမှာ ကားလမ်းပေါ်မှာ ကျေးရွာတွေမှာ ကျနော်တို့သွားမယ်ဆိုရင် ကြိုတင်အကြောင်းကြားပြီး သွားသွားလာလာလုပ်ပါ၊ လှုပ်ရှားလာတော့မယ်ဆိုရင် ကျနော်တို့ကို အသိပေးပြီးလုပ်ပါ၊  ကျနော်တို့ဖယ်ရှားဖို့ လိုအပ်ရင် ဖယ်ရှားပေးမယ်၊ ဒီလိုကျနော်တို့ သဘောတူညီချက်ရထားတာပဲ၊  အခုတော့ ဟိုရွှေ့ခိုင်း ဒီရွှေ့ခိုင်းလုပ်လာတော့ မလိုအပ်တဲ့ ပြဿနာပေါ်လာပါတယ်၊ ကျနော်တို့အတွင်းမှာလဲ တပ်တွေကလဲ သိပ်ပြီးတော့ မကျေနပ်တော့ပါဘူး၊ ဘာဖြစ်လို့ တပ်တွေကို ဟိုရွှေ့ခိုင်း ဒီရွှေ့ခိုင်းလုပ်နေလဲဆိုတာ သူတို့သဘောမပေါက်ကြတော့ပါဘူး"

အစိုးရတပ်က SSA ရှမ်းပြည်တောင်ပိုင်းအဖွဲ့က စခန်းတွေကို ဆုတ်ခိုင်းတာ ဒါဟာပထမဆုံးအကြိမ်ဖြစ်ပါတယ်။ SSA ရှမ်းပြည်မြောက်ပိုင်းအဖွဲ့ကိုတော့  အလားတူစခန်းတွေကို ဖယ်ခိုင်းခဲ့တဲ့အတွက် စခန်းသုံးလေးခုလောက် ဆုတ်ပေးလိုက်ရတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။