တပ်မတော်ရဲ့သတိပေးကြေညာ ချက်အပေါ် တုန့်ပြန်ဖို့ ဦးဝင်းထိန် ငြင်းဆို
2017.05.05

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်ရဲ့ မြန်မာ့တပ်မတော်ကို ပုတ်ခတ်ပြောဆိုချက် အပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်းနဲ့ လိုအပ်တဲ့တုန့်ပြန်မှုတွေ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကာကွယ်ရေး ဦးစီးချုပ်ရုံး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ဒီနေ့ ကြေညာချက်နဲ့ပတ်သက်လို့ ဦးဝင်းထိန်ကို RFA ကဆက်သွယ်မေးမြန်းတဲ့အခါ သူ့သဘောထားမှတ်ချက် မပေးလိုကြောင်း ငြင်းဆိုပါတယ်။
NLD ပါတီနဲ့ပတ်သက်လို့ အွန်လိုင်းမှာသတင်းမှားတွေ ဖြန့်နေတဲ့သူတွေကို အရေးယူမယ့်အကြောင်း ပါတီထိပ် ပိုင်းခေါင်းဆောင် ဦးဝင်းထိန်က မေလ ၄ ရက်နေ့မှာ သတင်းထောက်တွေကို နေပြည်တော်မှာ ရှင်းလင်းပြော ဆိုခဲ့ပါတယ်။
အဲဒီအချိန်က ဧရာဝတီသတင်းဌာနကမေးတဲ့ သတင်းမှားဖြန့်နေတာနဲ့ပတ်သက်လို့ ဘယ်သူတွေ၊ ဘယ်အဖွဲ့တွေကို သံသယရှိလဲဆိုတဲ့ မေးခွန်းကို ဦးဝင်းထိန်က ပြန်ဖြေတဲ့အခါ တပ်မတော်အဖွဲ့အစည်းဆိုတဲ့ အသုံးအနှုန်း ထည့်သွင်းပြောဆိုခဲ့တဲ့အတွက် ဒီနေ့မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်လိုက်တာဖြစ် ပါတယ်။