ပလက်ဝမှာ တပ်က ပေါ်တာဆွဲ

ဝေယံမိုးမြင့်
2019.10.23
paletwa-622.jpg ပလက်ဝမြို့နယ်က စစ်ဘေးရှောင်ဒုက္ခသည်များ။
ဓာတ်ပုံ - ပလက်ဝမြို့နယ်လူမှု့ကူညီရေးပရဟိတအဖွ့ဲ

ပလက်ဝမြို့နယ် ခမောင်းဝကျေးရွာမှာရှိတဲ့ တပ်မ ၇၇ လက်အောက်ခံတပ်အထိ ဒေသခံတွေဟာ မီးဇာကျေးရွာကနေ ဆန်နဲ့ စားနပ်ရိက္ခာတွေကို သွားရောက်သယ်ပေးရတာဖြစ်ပါတယ်။

ခမောင်းဝ ကျေးရွာဟာ ပလက်ဝမြို့နယ်ရဲ့ မြောက်ဘက် မိုင် ၃၀ ဝန်းကျင်ဝေးပြီး တပ်မတော် စစ်ဗျူဟာကုန်းရှိတဲ့နေရာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့ကစပြီး တပ်မတော်က မီးဇာကျေးရွာက အမျိုးသားတွေကို လာ ရောက်ခေါ်ယူတာလို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ ၁၉ ရက်နေ့က အယောက် ၂၀၊ ၂၀ ရက်နေ့က ၁၇ ယောက်၊ ၂၁ ရက်နေ့က ၂၇ ယောက်နဲ့ ဒီနေ့ ၂၃ ရက်နေ့မှာ အယောက် ၃၀ ကျော် ခေါ်ယူနေတယ်လို့ သိရပါတယ်။

အဓမ္မသဘောမျိုးခေါ်တာမဟုတ်ပေမယ့် တချို့တွေက ကျေကျေနပ်နပ် သွားရောက်ကြတာဖြစ်ပြီး တချို့ကတော့ မသွားချင်ဘဲ သွားရတာလို့ မီးဇာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမိုဘိုင်း ကပြောပါတယ်။

"တချို့တွေက ကျေနပ်တယ် တချို့တွေက မကျေနပ်တာတော့ ရှိတာပေါ့ တချို့တွေက သွားတယ် တချို့တွေက မသွားဘူး အဲလိုတော့ ရှုပ်ထွေးနေတာတော့ရှိတာပေါ့ တဖြည်းဖြည်းပို့နေတာ အကန့်အသတ်တော့မရှိဘူး တစ်နေ့ရှိရင်တစ်နေ့ နောက်တစ်နေ့ရှိရင် နောက်တစ်နေပို့တယ် အဆက်မပြတ်ပေါ့လေ ဒီလိုပို့နေရတယ် အခြေအနေ ကောင်းလို့ရှိရင်"

ဆန်တစ်အိတ်ကို လူ နှစ်ယောက်နှုန်းထမ်းရတာဖြစ်ပြီး တစ်ယောက်ကို နေ့တွက်ခ လေးထောင်ကျပ် ပေးတယ်လို့ သိရပါတယ်။

မီးဇာကနေ ခမောင်းဝကျေးရွာ အထိသွားရတဲ့ခရီးဟာ ခြေလျင်သွားရောက်ရတာဖြစ်ပြီး တစ်နေ့လုံး သွားရတဲ့ ခရီးဖြစ်ပါတယ်။

ပလက်ဝမြို့ဟာ မအေးချမ်းတဲ့နေရာဖြစ်တာကြောင့် ဒေသခံတွေရဲ့ လုံခြုံရေးစိုးရိမ်ရပြီး တပ်က အခု လို ပေါ်တာခေါ်ယူတာ ပြည်သူကို ဝန်ထုတ်ဝန်ပိုးဖြစ်စေတယ်လို့ ချင်းလူအခွင့်အရေးအဖွဲ့က ဆလိုင်းတေးရာက ပြောပါတယ်။

"အဲဒီဒေသက တကယ်စစ်ဖြစ်တဲ့နေရာ သူတို့လုံခြုံရေးအတွက် စိုးရိမ်စရာရှိတယ်။ ပြီးတော့ သူတို့ကို လုံခြုံရေးလည်း မပေးဘူး အဲလိုခိုင်းတာတော့ သူတို့အတွက် အဲလိုမဖြစ်သင့်ဘူး။ အခုချိန်ဆို ပလက်ဝမြို့နယ်မှာ အခုချိန်က တောင်သူတွေ စပါးရိတ်သိမ်းတဲ့အချိန်ပေါ့ ဒီလိုမျိုးခိုင်းတယ်ဆိုတာ ပြည်သူတွေကို ဝန်ထုပ် ဝန်ပိုးသဘောမျိုး သက်ရောက်တယ်"

ဒီလိုပေါ်တာဆွဲတာဟာ နှစ်စဉ် မိုးရာသီတိုင်းနဲ့ ပွင့်လင်းရာသီအစတွေမှာ ခေါ်ယူလေ့ရှိပြီး မိုးရာသီမှာ ရေလမ်းပေါ်လာတဲ့အတွက် စက်လှေတွေနဲ့ ပို့ပေးရတယ်လို့ ပြောပါတယ်။

တပ်မတော်အနေနဲ့ ၁၉၉၁ ခုနှစ်ထဲက အတင်းအဓမ္မစေခိုင်းတာတွေ မလုပ်ဖို့ ညွှန်ကြားထားပြီးဖြစ် ကြောင်းနဲ့ အခု မီးဇာကျေးရွာမှာ ခိုင်းစေတာနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်တာမှာ အခကြေးငွေပေးပြီး စည်းရုံးခိုင်းစေတာလို့ သိရကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောပါတယ်။

စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး နေ့စားသဘောမျိုး လုပ်ခွင့်ရှိပြီး ဆန္ဒမရှိရင် ငြင်းပယ်ခွင့်ရှိတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း

"စည်းရုံးဆောင်ရွက်တာတို့ အခကြေးငွေ ပေးဆောင်ရွက်တာတို့ နဲ့ပတ်သက်တာက စစ်ဆင်ရေးမှာ နေစားသဘောမျိုး လုပ်ခွင့် ရှိတယ်။ ဒါကလည်း သူတို့ဆန္ဒပါမှပါ။ ဆန္ဒမပါရင် ငြင်းခွင့်ရှိတယ်"

ပလက်ဝမြို့အတွင်း တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေအကြား ဒေသခံ ၁၅ ယောက်ဟာလည်း ပြီးခဲ့တဲ့ နှစ်တွေကတည်းက တစ်ဖြည်းဖြည်း ပျောက်ဆုံးနေတယ်လို့လည်း ဒေသခံတွေနဲ့ အရပ်ဖက်အဖွဲ့ အစည်းတွေက ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ ၁၅ ယောက်ထဲ ပါဝင်တဲ့ သာယာကုန်းကျေးရွာက လင်မယားနှစ်ယောက်ဟာ ပြီးခဲ့ တဲ့ သုံးရက်လောက်ကတည်းက ကျေးရွာကို ပြန်လည်ရောက်ရှိလာပါတယ်။

သူတို့ကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးသွားတာဖြစ်ပြီး အလုပ်ခိုင်းစေတာမရှိဘဲ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရကြောင်း မီးဇာကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လက တပ်မတော် နဲ့ AA တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွေကြောင့် ပလက်ဝ မြို့နယ်အတွင်း နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် လေးထောင်ကျော် ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။