ပလက်ဝကို ဗုံးကြဲလို့ ကလေးတစ်ဦး အပါအဝင် လေးဦးသေ၊ သုံးဦးဒဏ်ရာရ

RFA Burmese
2024.01.16
ပလက်ဝကို ဗုံးကြဲလို့ ကလေးတစ်ဦး အပါအဝင် လေးဦးသေ၊ သုံးဦးဒဏ်ရာရ ပလက်ဝမြို့နယ်က စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ် ဇန်နဝါရီလကတွေ့ရစဥ်။
ဆလိုင်းမျိုးထိုက်

ချင်းပြည်နယ် ပလက်ဝမြို့နယ် ကျီးလေးရွာကို ဇန်နဝါရီလ ၁၅ ရက် ညနေ နှစ်နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ကလေးငယ်တစ်ဦး အပါအဝင် အရပ်သားလေးဦး သေဆုံးပြီး နောက်ထပ် သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလေကြောင်း တိုက်ခိုက်မှု မလုပ်ခင် ဇန်နဝါရီလ ၁၄ ရက်မှာ ရက္ခိုင့် တပ်တော် (AA) က ပလက်ဝမြို့နယ်တစ်ခုလုံးကို စစ်ကောင်စီဆီကနေ သိမ်းယူထားတာပါ။

လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်၊ သေဆုံးသူတွေဟာ ပလက်ဝမြို့ပေါ်ကနေ ကျီးလေးရွာကို လာရောက်တိမ်းရှောင်နေတဲ့ စစ်ဘေးဒုက္ခသည်တွေ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“တိုက်ပွဲ ရှောင်နေရသေးတယ်။ ရှောင်တဲ့နေရာမှာလည်း မလုံခြုံဘူး ဖြစ်နေတယ်။ ပလက်ဝမြို့နားက ကျီးလေးရွာမှာ လေကြောင်းနဲ့ ပစ်လို့ လေးဦးသေတယ်၊ သုံးဦး ဒဏ်ရာရတာ ရှိတယ်”

သေဆုံးသူတွေဟာ အသက် ၅ နှစ်အရွယ် မောင်မြတ်သူအောင်၊ အသက် ၄၉ နှစ်အရွယ် ဦးမောင်ကျန်၊ အသက် ၆၇ နှစ်အရွယ် ဦးမောင်ဖြူနဲ့ အသက် ၃၆ နှစ်အရွယ် ဇော်ဇော်လွင်တို့ ဖြစ်ပါတယ်။

ဒဏ်ရာရသူတွေက အသက် ၂၂ နှစ်အရွယ် မောင်အောင်ဆန်း၊ မီးလက်ဝရွာကနေ လာရောက် တိမ်းရှောင်နေတဲ့ အသက် ၈ နှစ်အရွယ် မဆန်းဆန်းနွယ်နဲ့ အသက် ၃၉ နှစ်အရွယ် နွယ်နွယ်သန်းတို့ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

တိုက်ပွဲတွေကြောင့် ပလက်ဝမြို့နယ်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ ငါးသောင်းကျော်ရှိတယ်လို့ စစ်ဘေးဒုက္ခသည်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။