စစ်ကောင်စီဗျူဟာကုန်းနှစ်ခုကို AA သိမ်းယူ
2024.01.13

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာရှိတဲ့ ခန်ခတောင်ဗျူဟာစခန်းနဲ့ မီးဝဗျူဟာကုန်းကို ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ရက္ခိုင့်တပ်တော် AA က အပြီးသတ်သိမ်းနိုင်ခဲ့တယ်လို့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
ပလက်ဝဒေသမှာ စစ်ကောင်စီရဲ့ လက်ကျန်ဗျူဟာစခန်းဖြစ်တဲ့ ခန်ခတောင်ဗျူဟာစခန်းကို AA က အပြီးသတ်သိမ်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အမြားသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ပလက်ဝနဲ့ ကျောက်တော်နယ်စပ်မှာရှိတဲ့ မီးဝဗျူဟာကုန်းတစ်ခုလုံးကိုလည်း AA က ဇန်နဝါရီလ ၁၃ ရက်နေ့မှာ အပြီးသတ်သိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ ယာယီအပစ်ရပ်စဲရေးသဘောတူထားပေမဲ့ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ရှိနေဆဲဖြစ်ပြီး ရှောင်လွှဲလို့မရဘဲ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့လည်း မြောက်ပိုင်းသုံးဖွဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကျောက်မဲမြို့နယ်မှာရှိတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်စခန်းဖြစ်တဲ့ ငြိမ်းချမ်းရေးကုန်းကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နှစ်နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပါရှိပါတယ်။
ပြည်သူတွေလုံခြုံရေးနဲ့ ဟိုင်ဂင်သဘောတူညီမှုပါ နှစ်ဖက်ထိတွေ့မှု မဖြစ်စေရေးကို အလေးထားပြီး TNLA က ယာယီနောက်ဆုတ်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
အလားတူ ကျောက်မဲ၊ မိုးကုတ်နဲ့ လားရှိုးမြို့နယ်တွေမှာ စစ်ကောင်စီဘက်က TNLA တပ်တွေရှိတဲ့နေရာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်တွေမှာလည်း စစ်ကောင်စီက အရပ်သားတွေနေထိုင်တဲ့နေရာတွေကို လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားထိခိုက်သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။
စစ်စခန်းတွေ အသိမ်းခံရတာ၊ အရပ်သားနေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
ပလက်ဝဒေသမှာ စစ်ကေင်စီတပ်နဲ့ AA တို့ တိုက်ပွဲတွေပြင်းနေပြီး စစ်ကောင်စီရဲ့ ခဝဲကုန်း ဗျူဟာ၊ ထရွန်အိုင်ဗျူဟာနဲ့ နှုံးဘူးဗျူဟာ စတဲ့ စစ်ကောင်စီရဲ့ အရေးပါတဲ့ တပ်စခန်းတွေကို AA က သိမ်းယူထားပါတယ်။
ချင်းပြည်နယ် ပလက်ဝဒေသတစ်ခုလုံး စစ်ကောင်စီကင်းစင်တဲ့နယ်မြေဖြစ်ဖို့ မြို့အနီးဝန်းကျင်က စစ်ကောင်စီတပ်ရဲ့ လက်ကျန်စခန်းတွေကို ဆက်လက်တိုက်ခိုက်နေတယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဇန်နဝါရီ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။