ရခိုင်လူငယ်များ ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှား

၂၀ဝ၈ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင် သပိတ်မှောက်ကြလို့ ရေးသားထားတဲ့ စာရွက်တွေ လိုက်လံကပ်တဲ့ လှုပ်ရှားမှုကို ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ အောက်တိုဘာလ ၆ရက် ဒီကနေ့မနက် လင်းအားကြီး အချိန်မှာ လူငယ်တစုက ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

2010.10.06
than_shwe_new_car_305_Z နေပြည်တော်တွင် ၂၀ဝ၈ ခုနှစ် မတ်လ ၂၇ ရက်နေ့က ကျင်းပသော တော်လှန်ရေးနေ့ စစ်ရေးပြ အခမ်းအနားတွင် စစ်ကြောင်းများကို အမိုးဖွင့် ကားသစ်ကြီးပေါ်မှ လှည့်လည် စစ်ဆေးနေသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ။ ၂၀၁၀ ရွေးကောက်ပွဲသည် နိုင်ငံရေးအရ စစ်အာဏာရှင်စနစ် တရားဝင် တည်တံ့အောင် လုပ်ဆောင်ချက်အဖြစ် ဒီမိုကရေစီ အင်အားစုများက ရှုမြင်လျက်ရှိသည်။ (Photo: AFP)
AFP

ဒီလှုပ်ရှားမှုကို ဦးဆောင်ခဲ့သူတဦးဖြစ်တဲ့ ကိုအောင်သာလှက သူတို့ ဘာတွေဘယ်လို လုပ်ခဲ့တယ်ဆိုတာကို အခုလို ပြန်ပြောပြပါတယ်။

“မနက် ၃ နာရီလောက်က ကျနော်တို့ ၂၀ဝ၈ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင် သပိတ်မှောက်ကြ ဆိုပြီး ကျနော်တို့ ၂၀၁၀ ကြက်ခြေခတ် အမှတ်အသားပါတဲ့ ကွန်ပြူတာစာလုံးနဲ့ ရေးထားတာ ၈ လက်မ အရွယ်အစား၊ ၆ လက်မ အရွယ်အစား ရှိတဲ့ လျှောက်လွှာစာရွက် ပိုစတာတွေ လူအများ ထင်သာမြင်သာ ရှိတဲ့နေရာတွေ ဓာတ်တိုင်တွေ၊ ဈေး ကပ်ထားတဲ့ နံရံတွေမှာ လူသွားလမ်းတလျှောက်ပေါ့ ကျနော်တို့ နံရံတွေမှာ လိုက်ပြီးတော့ ကပ်ပါတယ်။”

တောင်ကုတ်မြို့ပေါ်က လူစည်ကားရာ နေရာတွေမှာသာမက မြို့နယ်အတွင်းမှာရှိတဲ့ လာမူးကျေးရွာ၊ ဖခင်ကျေးရွာ၊ ဦးရွှေဘိုကျေးရွာ၊ ရွာမကျေးရွာ၊ သစ်ပင်ထန်းကျေးရွာနဲ့ မြို့တောင်ကျေးရွာ စတဲ့ ကျေးရွာတွေမှာပါ လူငယ်တွေ လူစုခွဲပြီး တပြိုင်တည်း ပြုလုပ်ခဲ့ကြတယ်လို့ ပြောပါတယ်။

ပြည်သူတွေအားလုံး စစ်ကျွန်ဘဝကနေ လွတ်မြောက်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ခုလိုလုပ်ရတာ ဖြစ်တယ်လို့ ကိုအောင်သာလှ က ဆိုပါတယ်။

“ကျနော်တို့ ၂၀ဝ၈ အခြေခံဥပဒေဟာ ကျနော်တို့ ပြည်သူပြည်သားတွေရဲ့ စစ်ကျွန်ဘဝကို သက်ဆိုးရှည်မည့် ဥပဒေတွေ ဖြစ်နေလို့ ကျနော်တို့ ၂၀၁၀ ရွေးကောက်ပွဲကို ကျနော်တို့ ပြည်သူပြည်သားအနေနဲ့ လုံးဝ မသွားမလာဖြစ်အောင် ကျနော်တို့ တပ်လှန့်နှိုးဆော်ပေးတဲ့ ကန်ပိန်းမျိုး လုပ်တာပါ။”

အလားတူ ပြည်သူ့ဆန္ဒအရ မဲပေးပိုင်ခွင့်ရှိသလို မဲမပေးပဲလည်း နေပိုင်ခွင့် ရှိတယ်ဆိုတဲ့ စာသားပါ စာရွက်တွေ အောက်တိုဘာလ ၄ ရက်နေ့မနက်ပိုင်းက ဧရာဝတီတိုင်း ပုသိမ်မြို့ ဈေးအနီး ပတ်ဝန်းကျင်မှာ ကပ်ထားတာကို တွေ့ခဲ့ရတယ်လို့ မြင်တွေ့ခဲ့တဲ့ မြို့ခံ ကိုဝင်းနိုင် က RFA ကို အခုလို ပြောပါတယ်။

“လူတွေ ဝိုင်းအုံကြည့်နေတော့ ကျနော်လည်း သွားကြည့်တော့ အဲဒီမှာအေဖိုး ဆိုက်ပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံပါတယ်ပေါ့နော်၊ နောက် အောက်ကနေပြီးတော့ ပြည်သူတိုင်းပေါ့နော် မဲပေးခွင့်ရှိသလို မဲမပေးပဲနေခွင့် ရှိတယ် ဆိုတဲ့စာရွက်တွေ အဲဒီမှာ ကပ်ထားတာတွေ့တယ်၊ ကပ်ထားတာတွေ့တာကတော့ ဘိုကနောင်ဈေးမှာရယ် နောက် အဲဒီ ဘိုကနောင်ဈေးရဲ့ တဖက် ကရင်သင်္ချိုင်းရှိတယ်၊ အဲဒီသင်္ချိုင်းက အုတ်ဂူကြီးတွေမှာရယ် အဲဒါ အများကြီးပဲ။”

အဲဒီလို ပုသိမ်မြို့နဲ့ တောင်ကုတ်မြို့တွေက လူစည်ကားရာနေရာတွေမှာ ကပ်ထားတဲ့ ရွေးကောက်ပွဲ ပညာပေး စာရွက်တွေကို သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေက လိုက်ပြီး ခွာယူ ဆုတ်ဖြဲပစ်တာကို တွေ့ရကြောင်း မျက်မြင်သက်သေတွေက ပြောပြကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2010-10-11 12:28

i interest