ပါတီတွေ ငွေကြေးအရ ပွင့်လင်းမြင်သာမှုရှိဖို့ RNDP တိုက်တွန်း
2010.10.17

အထူးသဖြင့် နိုင်ငံရဲ့ အကြီးဆုံးပါတီ ဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ အစိုးရက ဖွဲ့ခဲ့တဲ့ အမျိုးသားအသင်းကြီးကနေ နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲခဲ့တဲ့အတွက် ဒီကိစ္စဟာ ပိုအရေးကြီးတယ်လို့ RNDP ဥက္ကဌ ဒေါက်တာအေးမောင်က ပြောပါတယ်။
“ကြံ့ခိုင်ရေးအသင်းနဲ့ ပတ်သက်လို့ နိုင်ငံတော်က ပံ့ပိုးတာ ဘယ်လောက်ရှိသေးသလဲ၊ ဆိုပါတော့ စစ်တွေမြို့ကိုပဲ ဥပမာပေးပါ့မယ်၊ ဟိုတုန်းက ဘဏ်အဟောင်း နိုင်ငံတော်က အဆောက်အဦးကို အသင်းမို့လို့ တန်ဖိုးလျှော့ပြီးတော့ ဈေးနှုန်းသတ်မှတ်ပြီး ယူတာ ရှိကောင်းရှိမယ်၊ ဥပမာ မောင်းတော်မြို့မှာဆိုလည်း ဒီအတိုင်းပဲ ဆေးရုံအဟောင်းကြီးကို အမျိုးသားရေး အသွင်ဆောင်တဲ့ လူမှုအသင်းမို့လို့ ဆိုပြီး တန်ဖိုးလျှော့ပြီး ပေးကောင်း ပေးခဲ့လိမ့်မယ်လေ။ အဲဒါမျိုးကို အသင်းကနေ ပါတီအဖြစ် လုပ်တဲ့အခါမှာ ပုဂ္ဂိလိက မဟုတ်ရင်တောင် အဖွဲ့အစည်းတခုရဲ့ အပိုင်ဖြစ်သွားပြီကိုး။ အဲဒါမျိုးကျရင် ပြည်သူအမြင် ရှင်းအောင် ရှင်းဖို့ လိုတာပေါ့”
တချိန်တည်းမှာ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီ တချို့ဟာ စစ်အစိုးရနဲ့ ပတ်သက် ဆက်နွယ်နေသူတွေဆီက ငွေကြေးအကူအညီ အထောက်အပံ့ ရရှိနေတယ် ဆိုတဲ့သတင်းတွေနဲ့ ပတ်သက်ပြီး ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ အနေနဲ့ လုံးဝ ပါဝင်ပတ်သက်မှု မရှိကြောင်း ရှင်းလင်းကြေညာချက် တစောင် ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ထုတ်ဝေတဲ့ ပြည်တွင်းဂျာနယ်တစောင်မှာ စစ်အစိုးရနဲ့ ပတ်သက်ဆက်နွယ်မှုရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်တဦးက ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတချို့ကို ငွေကြေးကူညီ ထောက်ပံ့ထားတယ် ဆိုတဲ့ ပြောဆိုချက် ထွက်ပေါ်လာပြီးနောက် အခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
မိမိတို့ပါတီဟာ နိုင်ငံရေး လိုအပ်ချက်အရ ပေါ်ပေါက်လာတဲ့ အမျိုးသားပါတီစစ်စစ် ဖြစ်ကြောင်းနဲ့ အခြားသူ တဦးဦးရဲ့ ကြိုးကိုင်လွှမ်းမိုးမှုအောက်မှာ လှုပ်ရှားနေတဲ့ ပါတီတခုမဟုတ်ကြောင်း ပြည်သူတွေကို သိမြင်စေချင်တဲ့အတွက် အခုလို ကြေညာချက် ထုတ်ပြန်တာဖြစ်တယ်လို့ RNDP ဥက္ကဌ ဒေါက်တာအေးမောင်က ပြောပါတယ်။