အာရပ်ကမ္ဘာနဲ့ မြန်မာ ဒေါ်အောင်ဆန်းစုကြည် နှိုင်းယှဉ်ပြောကြား
2011.06.28

(Photo: AFP)
ဗြိတိန် နိုင်ငံ ဘီဘီစီ လိုင်းအမှတ် (၄) က ဒီကနေ့ အင်္ဂါနေ့မှာ ထုတ်လွှင့်တဲ့ Reith Lectures ခေါ် ဟောပြောချက် အစီအစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က လွတ်လပ်ခြင်း ဆိုင်ရာ အကြောင်းးနဲ့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှု အကြောင်း ဟောပြောခဲ့ပါတယ်။
"လွတ်လပ်မှု ဆိုတာကို ကျမတို့ ဘယ်လိုနားလည်သလဲဆိုတာ ကြိုးစားပြီးတော့ ရှင်းပြတာပါ။ နောက်ပြီးတော့လည်း လူတွေရဲ့ လွတ်လပ်ချင်တဲ့ စိတ်ဓါတ် ဆိုတာဟာ လူမျိုးတမျိုးနဲ့သာလျှင် မဆိုင်ဘူး။ နိုင်ငံ တနိုင်ငံနဲ့သာလျှင် မဆိုင်ဘူး။ လူမျိုးတွေ အားလုံးနဲ့ ဆိုင်တယ်။ တကမ္ဘာလုံးနဲ့ ဆိုင်တယ်။ အဲဒီဥစ္စာတွေကို ကျမ ရှင်းပြ ပါတယ်။ နောက်ပြီးတော့ အခု အရှေ့ အလယ်ပိုင်းမှာ ဖြစ်နေတဲ့ ကိစ္စတွေဟာ ဘယ်လို ကျမတို့နဲ့ ဆက်နွယ်နေသလဲ။ အရှေ့ အလယ်ပိုင်းက တော်လှန်ရေးတွေဟာ ဘယ်လို ကျမတို့နဲ့ ၈၈ တော်လှန်ရေးနဲ့ ဘယ်လိုနေရာတွေမှာ တူသလဲ။ ဘယ်လိုနေရာတွေမှာ မတူဘူးလဲ အဲဒါတွေကို ရှင်းပြတာပါ။ "
အာရပ် ကမ္ဘာတခုလုံး ဒီမိုကရေစီ တောင်းဆို ဆန္ဒပြပွဲတွေ ပျံနှံ့သွားအောင် စတင်ခဲ့တဲ့ တူနီးရှားနိုင်ငံက ဖြစ်ရပ် နဲ့ ၁၉၈၈ မြန်မာ ပြည်သူတွေရဲ့ ဒီမိုကရေစီ တောင်းဆို လှုပ်ရှားမှု စတင်ရာ ဖြစ်ရပ် နှစ်ခုလုံးဟာ အရေးမကြီးတဲ့ သာမန် ဖြစ်ရပ်ကလေးတွေကနေ နိုင်ငံလုံး ဆိုင်ရာ အဆင့်ထိ ကူးပြောင်းသွားခဲ့တာ ဖြစ်ကြောင်း၊ ဒါပေမဲ့ တူနီးရှားမှာ သမ္မတ ပြုတ်ကျသွားခဲ့ပြီး၊ မြောက်အာဖရိက တခွင်လုံး ဒီမိုကရေစီ လှိုင်းကြီး ကူးစက် ပျံနှံ့သွားခဲ့ပေမဲ့ မြန်မာ နိုင်ငံမှာ ကတော့ ကျောင်းသားတွေ ဦးဆောင်တဲ့ လှုပ်ရှားမှု ဟာ အခြေမှုန်းခံခဲ့ရကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။
တူနီးရှား နဲ့ မြန်မာ ကွာခြားချက်က တူနီးရှားမှာ စစ်တပ်က သူ့ပြည်သူကို ပစ်ခတ် သတ်ဖြတ်တာမျိုး မလုပ်ခဲ့ ပါဘူး၊ ဒါ့ပြင် နောက်တစ်ချက်က တူနီးရှား တော်လှန်ရေးဟာ ခေတ်မီ ဆက်သွယ်ရေး နည်းပညာ တော်လှန်ရေးရဲ့ အကျိုး ကျေးဇူးကို ခံစားခွင့် ရရှိခဲ့တာပါ။ ဒါဟာ ရေရှည်မှာ သိပ်အရေးကြီးတဲ့ အချက် ဖြစ်ပါတယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။