လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ လုပ်ငန်းရှင်များ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်း
2013.09.07
မြန်မာနိုင်ငံရဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်ကြီးတွေ ဝိုင်းဝန်းကူညီပေးကြဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး ဗဟိုအတွင်းရေးမှူး ရဲမှူးချုပ် ဦးခင်မောင်စီက ဒီကနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။
အခုလ ၁၃ ရက်နေ့မှာကျရောက်မယ့် ကမ္ဘာ့လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အကြိုလုပ်ရှားမှုအဖြစ် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဓမ္မစေတီလမ်း City Mart ဈေးဝယ်စင်တာမှာ ဒီကနေ့ပြုလုပ်တဲ့ အခမ်းအနားမှာ ရဲမှူးချုပ် ဦးခင်မောင်စီက RFA ကို အခုလို ပြောကြားခဲ့တာပါ။
“အစိုးရတစ်ခုတည်းနဲ့ ဖန်တီးလို့ရတာမဟုတ်ဘူး၊ အခုတတ်နိုင်ရင်တတ်နိုင်တဲ့ အတိုင်းအတာတစ်ခုအထိ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ရှိနေတာပဲ၊ ဒီလိုလုပ်ငန်းကြီးတွေ၊ လုပ်ငန်းရှင်ကြီးတွေ၊ လုပ်ငန်းအလတ်တွေ၊ လုပ်ငန်းအသေးစားတွေ အဲဒီပုဂ္ဂိုလ်တွေအားလုံးက ကိုယ့်တမျိုးသားလုံးကို ဒုက္ခပေးနေတဲ့ အန္တရာယ်အလားအလာကို ထည့်စဉ်းစားပြီးတော့ ကျွမ်းကျင်မှုနည်းနည်းနဲ့ လုပ်သားများများလိုတဲ့ စီးပွားရေးလုပ်ကွက်တွေ၊ လုပ်ငန်းခွင်တွေကို ဖန်တီးဖို့လိုတယ်”
အဲဒီအခမ်းနားမှာ တက်ရောက်လာကြသူတွေနဲ့ ဈေးလာဝယ်သူတွေက Wall of Pledge ဆိုတဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်စာသားကို လက်ဖဝါးမှာဆေးသုတ်ပြီး ပိတ်စပေါ်မှာရိုက်နှိပ်ခဲ့ကြတဲ့အပြင် လူကုန်ကူးမှု တိုက်ဖျက်ရေး ဉာဏ်စမ်းမေးခွန်းတွေကိုလည်း ဖြေဆိုခဲ့ကြပါတယ်။
ကုလသမဂ္ဂ လူကုန်ကူးမှု တိုက်ဖျက်ရေးအေဂျင်စီ UNIAP အဖွဲ့က စီမံကိန်းညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာအိအိချောကလည်း လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ အစိုးရ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေအပြင် အနုပညာရှင်တွေနဲ့ ပြည်သူတွေ ပူးပေါင်းပါဝင်လာတဲ့အတွက် တိုးတက်မှုတွေရှိလာနေပြီလို့ ပြောကြားခဲ့ပါတယ်။
အလားတူ လူကုန်ကူးမှု တိုက်ဖျက်ရေး အကြိုလှုပ်ရှားမှုအခမ်းနားတွေကို နေပြည်တော်၊ မန္တလေးမြို့တွေမှာရှိတဲ့ City Mart ဈေးဝယ်စင်တာတွေမှာ ပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။